12.9.16

James Bond: Gold Finger


Cast & Crew

James Bond:
Sean Connery

Director:
Guy Hamilton

Producer(s):
Harry Saltzman, Albert R. Broccoli

Writer(s):
Ian Fleming

Screenplay:
Richard Maibaum, Paul Dehn

Editor:
Peter R. Hunt

Music:
John Barry

Theme song:
“Goldfinger”
John Barry (Composer)
Leslie Bricusse (Composer)
Anthony Newley (Composer)
Shirley Bassey (Performer)

Facts & Figures

Budget:
$3 million

Gross:
$124.9 million

Distributed By:
United Artists

Released:
17 September 1964 (London, premiere)
18 September 1964 (UK)

Running Time:
110 minutes

Preceded By:
From Russia with Love

Followed By:
Thunderball

Download Here 360p



James Bond: Tha Man With The Golden Gun (အကြည်ကား)


James Bond:
Roger Moore

Director:
Guy Hamilton

Producer(s):
Harry Saltzman, Albert R. Broccoli

Writer(s):
Ian Fleming

Screenplay:
Richard Maibaum, Tom Mankiewicz

Editor:
Raymond Poulton, John Shirley

Music:
John Barry

Theme song:
“The Man with the Golden Gun”
John Barry, Don Black (Composers)
Lulu (Performer)

Facts & Figures

Budget:
$7 million

Gross:
$97.6 million

Distributed By:
United Artists

Released:
19 December 1974 (London, premiere)

Running Time:
125 minutes

Preceded By:
Live and Let Die

Followed By:
The Spy Who Loved Me


Download Here 360p

Channal Myanmar မှ ဒေါင်း၍ ပြန်တင်သည်။



10.9.16

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော်, (အပိုင်း ၁၁)



စစ်တောင်းစားသမိန်စောထွတ်သည် တပင်ရွှေထီးကိုလုပ်ကြံပြီးလျှင် တပင်ရွှေထီး၏အပါးတော်တွင် ရှိသော မြန်မာမှူးမတ်တို့ကို ဖမ်းဆီး၍သတ်ဖြတ်လေသည်။ လွတ်မြောက်သွားသူများမှာ အချို့ကား ဟံသာဝတီ၊ အချို့ကား တောင်ငူ၊ မုတ္တမတို့သို့ ပြေးကြရသည်။ ယင်းနောက် တပင်ရွှေထီးနှင့်ပါသော ဆင်မြင်းတို့ကို သိမ်းယူကာ မိမိနှင့်အလိုတူသော မှူးမတ်တို့ကို သစ္စာပေးပြီးလျှင် သမိန်စက္ကဝေါဟူသော အမည်ဖြင့် စစ်တောင်းတွင် မင်းပြုသည်။

        တပင်ရွှေထီး နတ်ရွာစံလေလျှင် အပါးတော်တွင် ခစားရသော တုရင်သီဟအမတ်သည် ကျွန်(၈)ယောက်နှင့်အတူ ရခိုင်တပ်မှ အလျင်အမြန်ထွက်၍ လှေငယ်တစ်စင်းဖြင့် ဟံသာဝတီသို့ ပြေးလေသည်။ တုရင်သီဟအမတ်လျှောက်တင်၍  သမိန်စောထွတ်လက်ချက်ဖြင့် တပင်ရွှေထီး နတ်ရွာစံတော်မူကြောင်း ဘုရင့်နောင်၏ ကြင်ယာတော် သခင်ကြီးသိရှိရသောအခါ သခင်ကြီးသည် တုရင်သီဟကို ဒလရှိ ဘုရင့်နောင်ထံ သံတော်ဦးတင်ရန် စေလွှတ်သည်။

        ထိုအချိန်တွင် နိုင်ငံတော်အခြေအနေမှာ ဟံသာဝတီနန်းမှ ချုပ်ကိုင်သော ဗဟိုအာဏာ ပျက်ယွင်းသွားရပြီဖြစ်သည့်အတွက် စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိသွားသည်။ သူတစ်လူ ငါတစ်မင်း ဆိုသကဲ့သို့ အကွဲကွဲအပြားပြားဖြစ်ကာ မိမိတို့အာဏာရရှိရေးအတွက်သာ ကြိုးပမ်းလာကြသည်။

        တပင်ရွှေထီး နတ်ရွာစံပြီကြားသည်နှင့် ဟံသာဝတီတွင် တပင်ရွှေထီးမြို့စောင့်အဖြစ်ထားခဲ့သည့် ဘုရင့်နောင်၏ညီတော် သီဟသူသည် ဟံသာဝတီနန်းကို အခိုင်အလုံပြုကာ နောင်တော်ဘုရင့်နောင်ထံ အကြောင်းကြားရမည့်အစား လက်နက်ဗိုလ်ပါ ဆင်မြင်းတို့ကို သိမ်းကျုံးယူငင်ကာ ဟံသာဝတီမှခွာပြီး တောင်ငူတွင် မင်းခေါင်ဟူသောအမည်ဖြင့် မင်းအဖြစ်ကိုခံယူကာ နောင်တော် ဘုရင့်နောင်အပေါ် သစ္စာဖောက်ဖျက်သည်။

        တပင်ရွှေထီး၏အထိန်းတော်ကြီးဖြစ်ခဲ့သော ပြည်မြို့စားသတိုးဓမ္မရာဇာသည်လည်း အရှင်သခင်၏ ကျေးဇူးသစ္စာတော်ကို မထောက်ဘဲ ပြည်တွင် သတိုးသူ ဟူသောအမည်ဖြင့် မင်းပြုကာ ထောင်ထားခြားနားသည်။

        ပုန်ကန်ထကြွသူ သမိန်ထောရာမသည် မုတ္တမတွင် လူသူလက်နက်စုကာ သမိန်စက္ကဝေါအမည်ခံ သမိန်စောထွတ်၏အခြေအနေကို စောင့်ကြည့်နေသည်။ တပင်ရွှေထီးတည်ထောင်တော်မူသည့် ဟံသာဝတီလက်နက်နိုင်ငံတော် အကွဲကွဲအပြားပြားဖြစ်လာသည်တွင် အထက်ရှိ သရက်၊ မြေထဲ၊ စကု၊ စလင်း၊ ဖောင်လင်း၊ လယ်ကိုင်း၊ ပုခန်းငယ်၊ စဥ့်ကူ၊ စလေ၊ ပုဂံ၊ ငသရောက်၊ တုရွင်းတိုင်၊ ကျောက်ပန်းတောင်း၊ ပတ္ထနဂိုရ်၊ တောင်တွင်း စသည့်မြို့များမှ မြို့စားများသည်လည်း မည်သည့်ဘက်သို့မျှ မလိုက်ဝံ့ကြသေးဘဲ မိမိတို့စား ကျေးမြို့ရွာများကို အခိုင်အလုံပြု၍ နေကြလေသည်။

        ဘုရင့်နောင်သည် တုရင်သီဟထံမှ အကြောင်းစုံကိုကြားသိရလျှင် နိုင်ငံတော်အတွက် အရေးကြီးသည့် အချိန်ကို ရောက်ပြီဖြစ်ကြောင်းတွေးမိလိုက်ကာ ဒလတွင်ရှိသော မွန်မြန်မာ ရှမ်းအမတ်များနှင့် ရှေ့ရေးကို တိုင်ပင်သည်။

        အချို့သောမှူးမတ်များက ဟံသာဝတီကို အလျင်တိုက်တော်မူ၍ အခိုင်အလုံနေတော်မူမှ သင့်မည်ဟု လျှောက်တင်ကြသည်။ အချို့မှူးမတ်များကလည်း ဟံသာဝတီတွင်ရှိသော မိဖုရားသခင်ကြီးကို ယူတော်မှု၍ ဒလကို အခိုင်အလုံပြုပြီး၊ ယင်းနောက်မှ ဟံသာဝတီနှင့်ပြည်ကို လုပ်ကြံတော်မူသင့်ပါသည်ဟု လျှောက်ကြသည်။

        ထိုအခါ ရန်အောင်ဘီလူးအမည်ရှိသော အမတ်က ...
        "ယခုပြည်ရေးကိုထောက်သော် ဝါးအစည်းပြေသကဲ့သို့ ကစဥ့်ကလျား မွန်၊ မြန်မာ၊ ရှမ်းတို့ ရှိနေသည်။ သို့ရာတွင် ဒလသည်မွန်တို့အရိပ်အရာလည်းဖြစ်သည်။ မွန်ဟူသမျှသည် ပျားအုံကို လက်မတို့ကောင်းသကဲ့သို့ ဖြစ်ချေသည်။ များလည်းများလှသည်။ ကျွန်တော်တို့ မြန်မာမူကား နည်းချေသည်။ မြန်မာတို့နှင့် သင့်ရာအရပ်အနေလည်း မဟုတ်သောကြောင့် ဤအရေးကို မွန်တို့ မသိစေလိုသေး။ မွန်အမတ်တို့ကို သစ္စာတော်ပေး၍ ဒဂုံ၊ ဒလ၊ ဓနုဖြူ၊ ကူထွတ်၊ ဟင်္သာတ၊ လှိုင်၊ ဤမြို့များကို  ကျေးစားခန့်တော်မူပြီးမှ ဦးစွာ ခမည်းတော်နေပြည်တော် တောင်ငူကို ချီတော်မူမှ သင့်ပါမည်" ဟု နားတော်လျှောက်သည်။

        ဘုရင့်နောင်က ရန်အောင်ဘီလူးအမတ် လျှောက်တင်သည်ကို သင့်လှသည်ဟု မိန့်တော်မူပြီးလျှင် မွန်မှူးမတ်အကြီးအကဲတို့ကို ပုသိမ်၊ မြောင်းမြ၊ သရိန်၊ ခွေလင်း၊ သရာ၊ မဒေါ၊ မည်ထွန်၊ အပြ စသော အနောက်ဘက်တစ်လွှားရှိ မွန်မြို့များကို ကျေးစားများထည့်ကာ စေလွှတ်သည်။

        ထို့နောက် မွန်၊ မြန်မာ၊ ရှမ်း စစ်သည်များ၊ ဆင်လုံး မြင်းရင်းအများနှင့် ဒလမှ ဒဂုံသို့ ကူးသည်။ ယင်းမှ ဓနုတော မကော်သို့ ဆက်၍ချီသည်။ မကော်သို့ရောက်လျှင် ဟံသာဝတီသို့မဝင်ဘဲ ဓားကျွန်းတောင်ကိုပတ်ကာ နေ့ညဥ့်အပြင်းချီလေသည်။ ထိုအခါ ဟံသာဝတီတွင် မင်းပြုနေပြီဖြစ်သော သမိန်စက္ကဝေါသည် ဗညားဒလကိုစေလွှတ်ပြီး ဆီးကြိုတိုက်စေသည်။ ဘုရင့်နောင်သည် အချိန်ကာလဒေသ မဟုတ်သေး၍ ဗညားဒလတပ်ကို ရန်တုံ့မပြန်ဘဲ မသိကျိုးကျွံပြုကာ ကေသရာဇာခြင်္သေ့မင်း သည် မြေခွေးငယ်ကို အမှုမထားဘဲသွားသကဲ့သို့ ချီမြဲချီသည်။

        ဟင်းခနွေအရပ်သို့ရောက်လျှင် ဟံသာဝတီမှထွက်လာသည့် မိဖုရားသခင်ကြီးနှင့်တွေ့လေရာ ထိုအခါမှ ညီတော်သီဟသူ တောင်ငူတွင် ဘုရင်မင်းခေါင်အမည်ခံ၍ ထောင်ထားခြားနားသည်ကို စေ့ငုစွာ သိရှိရသည်။ ရှေ့ဆက်၍ချီလာရာ တောင်ငူမရောက်မီ(၁၀)တိုင်ခန့်အလို ရွာသစ်ကြီးအရှေ့ လွင်လဟာတွင် တပ်စခန်းချသည်။

        တပ်ခင်းတပ်ရာအနေအထားကို ကြည့်ရှုလေသော် အရှေ့သည် ပေါင်းလောင်းမြစ်နှင့်နီးသည်။ တောင်ငူနှင့်လည်း တစ်စခန်းခြားသည်။ သည်အရပ်သည် သင့်မြတ်လှသည်ဟု ပညာရှိတို့ လျှောက်တင်ကြသဖြင့် ထိုနေရာတွင် ဇေယျဝတီ အမည်ဖြင့် မြို့သစ်တည်ကာ ဗိုလ်ဝင်ခံ၍နေတော်မူသည်။

        ထိုစဉ် ဟံသာဝတီတွင် မင်းပြုနေသော သမိန်စက္ကဝေါဘွဲ့ခံ သမိန်စောထွတ်ကို မှူးမတ်တို့က သဘောကြိုက်ညီခြင်းမရှိကြ၍ နန်းမှဖြုတ်ချလိုက်ကြပြီး မုတ္တမတွင်ရှိနေသော သမိန်ထောရာမကို နန်းတင်လိုက်ကြသည်။

        ဟံသာဝတီတွင် သမိန်ထောရာမ နန်းတက်သည့်အခါ တပင်ရွှေထီး၏ သစ္စာတော်ခံများဖြစ်ကြသော အဲမွန်ဒယာ၊ စန္ဒယော်ဓာ၊ တုရင်ဗလ၊ သာရကာမှူး၊ သပေါ့မှူး၊ ဗညားဖရူးသား၊ အိတ်မွတ်ထော စသူတို့သည် အခြေအရံလူပေါင်း (၃၀၀၀) ကျော်ဖြင့် ဘုရင့်နောင်၏ စက်တော်အောက်သို့ ခိုဝင်လာကြသည်။ အရှေ့ဘက် မုတ္တမမှလည်း အဲပရဲ၊ စန္ဒရာသီ၊ ပိုက်ကမြင်တို့သည် မှူးမတ်တစ်ကျိတ်ကျော်၊ အခြေအရံ(၁၀၀) ကျော်ဖြင့် ခြေတော်ရင်းသို့ ခိုဝင်လာသည်။

        တောင်ငူဘုရင်မင်းခေါင်၏လက်အောက်တွင် မနေလိုသည့် ဘယဇေယျ၊ ဆင်မှူးဗလကျော်သူ၊ တောင်ငူသူရဲမှူး၊ အတွင်းသင်းမှူးတို့သည်လည်း ဘုရင့်နောင်ထံသို့ လူ(၇၀၀)ကျော်ဖြင့် ခိုဝင်လာကြသည်။ ဘုရင့်နောင်သည် မိမိအောက်တွင် ခိုဝင်လာသူအပေါင်းကို ဆုတော်လာဘ်တော်များ ချီးမြှင့်ကာ သစ္စာတော်ခံစေပြီး အမှုတော်ကို ထမ်းရွက်စေသည်။

ဘုရင့်နောင်သည် နှစ်လခန့်ရှိလျှင် ညီတော်သီရိဇေယျကျော်ထင်၊ ညီတော်လတ် နန္ဒယော်ဓာနှင့် မှူးမတ်အပေါင်းတို့ကို ခေါ်တော်မူ၍ ဟံသာဝတီကိုချီ၍ လုပ်ကြံတော်မှုလျှင် သင့်မည်လော သို့မဟုတ် တောင်ငူကိုချီတော်မူ၍ လုပ်ကြံလျှင် သင့်မည်လောဟု အရေးအရာကို တိုင်ပင်တော်မူရာ အချို့သောမှူးမတ်များက ဟံသာဝတီသို့ အလျင်ချီ၍လုပ်ကြံတော်မူမှသင့်မည်ဟု လျှောက်ကြသည်။
အချို့အမတ်တို့ကလည်း မွန်မြန်မာ ပြေးပုန်းလေသည်များကို သည်တွင်စုရုံးတော်မူ၍ အနေအထားကျပြီးမှ တောင်ငူသို့ ချီတော်မူသင့်ပါသည်ဟု လျှောက်တင်ကြသည်။
        ထိုအခါ သီရိဇေယျနော်ရထာအမည်ရှိသော အမတ်က
        "ယခုအရေးကား နှေးနှေးဖြည်းဖြည်းလုပ်ကြံတော်မူရမည့်အရေးမဟုတ်။ လျင်လျင်စောစော စစ်ဦးဘီလူးပါ လုပ်ကြံတော်မူရမည့်အရေးဖြစ်သည်။ အရေးအရာမညီညွှတ်ခင် တောင်ငူသို့ အလျင်ချီတော်မူ၍ လုပ်ကြံတော်မူမှ သင့်မည်ထင်ပါသည်" ဟု နားတော်လျှောက်လေရာ၊ ဘုရင့်နောင်က သီရိဇေယျနော်ရထာ လျှောက်သောအရေးသည် သင့်လှသည်ဟု မိန့်တော်မူသည်။

        ထိုညတွင်ပင် ဘုရင့်နောင်သည် အိပ်မက်တော်တစ်ခုကို မြင်မက်လေသည်။ ယင်းအိပ်မက်ကား သရက်သီးခိုင် တစ်ခိုင်တွင် အလုံး(၅)လုံးသီးရာ အပေါ်ဆုံးရှိသရက်သီးကို စားရသည်ဟူ၏။ အိပ်မက်၏အလိုမှာ ညီနောင်(၅)ဦး ရှိသည့်အနက် ဘုရင့်နောင်သည် အကြီးဆုံးဖြစ်သည်။ ညီတော်သီဟသူသည် မင်းခေါင်အမည်ကို ခံယူ၍ တောင်ငူတွင် မင်းပြုနေသည်။ ယခု အခေါင်က သရက်သီးကိုစားရသည် အိပ်မက်ခြင်းကြောင့် ညီတော်မင်းခေါင်၏ကိုယ်နှင့်တကွ တောင်ငူမြို့အလုံးကို ရလိမ့်မည်ဟု နိမိတ်ဖတ်လေသည်။
        ဘုရင့်နောင်သည် တောင်ငူကိုသိမ်းယူရန်အတွက် စစ်အစီအရင်ပြုသည်။ လက်ယာရဲတိုင်နှင့် တုရင်ဗလတို့ကို မြင်း(၁၀၀၀)စီဖြင့် ရှေ့မှချီစေပြီး ယင်းနောက်မှ ညီတော်သဋ္ဌီရိဇေယျကျော်ထင်၊ ညီတော်နန္ဒယော်ဓာ၊ ညီတော်မင်းရဲကျော်ထင်၊ သားတော် မင်းရဲကျော်စွာ၊ သီရိဇေယျနော်ရထာ၊ လက်ဝဲဘယ၊ မြောက်ထောင်မှူး၊ ဘယနန္ဒသူ၊ အဲမွန်ဒယာ၊ သီရိဓမ္မရတ်၊ နန္ဒစည်သူတို့ ဦးစီးသော တပ်များ၊ ထို့နောက် ဘုရင့်နောင်၏တပ်မတော်၊ ယင်းတပ်မတော်တွင် နန္ဒသူကို တပ်မှူး၊ ရာဇတမန်အား စစ်ကဲခန့်အပ်သည်။ မြင်းတပ် (၂)တပ်နှင့် ကြည်းတပ် တပ်ပေါင်း(၁၂)တပ်တွင် တိုက်ဆင်(၂၀၀)၊ မြင်း(၂၀၀၀)၊ စစ်သည်(၈၀၀၀၀) ပါဝင်လေသည်။
        ရေကြောင်းချီတပ်တော်တွင်ကား ရာဇဗလ၊ နန္ဒယော်ဓာ၊ ရာဇသင်္ကြန်၊ စွန်တရာသီ၊ ဇိတ်ဗြိ၊ ဘယသင်္ကြန်၊ တပ်ပေါင်း(၆)တပ်တွင် ကတ္ထူလွန်ကြင်(၁၃၀)၊ လှော်ကေားကြော့လှေ(၇၀)၊ စစ်သည်(၁၆၀၀၀) ပါဝင်ပြီး စက်လှေများပေါ်တွင် အမြောက်ကြီးများ တင်ဆောင်လာသည်။ ရေကြောင်းချီတပ်မှူးမှာ ဘယသင်္ကြန်ဖြစ်ပြီး၊ စစ်ကဲမှာ သာရကာမှူးနှင့် တောင်ငူသူရဲမှူးတို့ ဖြစ်ကြသည်။ တောင်ငူသို့ သက္ကရာဇ် (၉၁၂)ခု၊ တော်သလင်းလပြည့်ကျော်(၂)ရက်၊ အင်္ဂါနေ့တွင် စတင်ချီတော်မူသည်။
        တောင်ငူသို့ရောက်တော်မူလျှင် ညီတော် သီရိဇေယျကျော်ထင်၊ ညီတော်အငယ် မင်းရဲကျော်ထင်၊ လက်ဝဲဘယ၊ သီရိဇေယျနော်ရထာ၊ ဘယနန္ဒသူတို့၏ တပ်(၅)တပ်ကို တိုက်ဆင်(၆၀)၊ မြင်း(၇၀၀)၊ စစ်သည်(၂၅၀၀၀)နှင့် မြို့ကြီးအရပ်မှ တပ်ခိုင်တပ်လုံတည်၍ ရံစေသည်။
 
        ယင်းသို့ တပ်များ ရေအား၊ ကြည်းအားရံသည်ကို ဘုရင်မင်းခေါင်ကလည်း တပ်မတည်နိုင်အောင် အကြိမ်ကြိမ်ထွက်၍တိုက်သည်။ သို့သော် ဘုရင့်နောင်တပ်များကို မနိုင်သဖြင့် မြို့တွင်းသို့ ပြန်ဝင်၍ အခိုင်အလုံနေရသည်။  ဘုရင့်နောင်တပ်များက တောင်ငူကို လေးလခန့်ကြာအောင် ဝန်းရံထားလေသည်။
        မြို့ကိုဝန်းရံ၍ လေးလခန့်ရှိလာလျှင် တောင်ငူမြို့တွင်းသားတို့ အစာရေစာပြတ်လပ်ကာ ငတ်မွတ်လာကြသည်။ ဘုရင်မင်းခေါင်အပေါ် အကြည်အညိုကင်းမဲ့လာကြကာ မင်းခေါင်လက်အောက်မှ အကြီးအကဲတို့လည်း မြို့တွင်းမှထွက်ပြေး၍ ဘုရင့်နောင်ထံသို့ ခိုဝင်လာကြသည်။ ဘုရင့်နောင်ကလည်း မိမိအောက်သို့ ခိုဝင်လာသူများကို သစ္စာတော်ပေးကာ အမှုတော်ထမ်းစေသည်။
        အမှုထမ်းများနည်းပါးလာလျှင် မင်းခေါင်ကလည်း ကြောက်ရွံ့ခြင်းပြင်းစွာဖြစ်လာကာ ခမည်းတော်၏ဆရာတော်ထံသို့ကပ်ကာ စည်းစိမ်မပျက် အသက်မသေရှိပါမည့် အကြောင်းကို နောင်တော်အား တောင်းပန်ပေးရန် လျှောက်ထားသည်။ ဆရာတော်လည်း ဘုရင့်နောင်ထံသို့ကြွကာ အရေးတော်ကို ဆိုသည်။

        ဘုရင့်နောင်ကလည်း ...
        "ညီတော်မင်းတရားရွှေထီးမရှိလျှင် ကျွန်ုပ်တို့ညီနောင်(၅)ပါးသည် တစ်ချက်တည်းရုံးစု၍ ဟံသာဝတီကို နေရသည်ရှိသော် ခပ်သိမ်းသောရန်သူတို့သည် ဖျက်ဆီးနိုင်မည်မဟုတ်။ သို့သော် သီဟသူသည် အမှားကြံလေသောကြောင့် အလုပ်အကြံမှားချေသည်။ ယင်းသို့ လူမှု၌ မလိမ်မမာရှိပါငြားလည်း သီဟသူသည် ကျွန်ုပ်၏ညီဖြစ်သည်။ အပြစ်ပြုသာမည်မဟုတ်၊ ကျွန်ုပ်ကျေးဇူးတော်ကို ခံထိုက်သသူဖြစ်တော့သည်"ဟု မိန့်ကြားတော်မူသဖြင့် အရေးတော်ပြီးကာ မင်းခေါင်သည် ဘုရင့်နောင်ထံတွင် သစ္စာတော်ခံ၍ တောင်ငူမြို့ကို အပ်လေသည်။
       
        သို့ဖြင့် ဘုရင့်နောင်မင်းတရားသည် သက္ကရာဇ်(၉၁၂)ခု၊  တပို့တွဲလဆန်း (၅)ရက်၊ တနင်္ဂနွေနေ့တွင် အလိုတော်ပြည့်ကာ မင်္ဂလာဘိသိက်ခံတော်မူပြီး ကေတုမတီတောင်ငူအလုံးကို သိမ်းရုံးစိုးမိုးအုပ်ချုပ်တော်မူလေသည်။

ပြီးပါပြီ။
တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော်
ဟိန်းဇေ

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော်, (အပိုင်း ၁၀)


သက္ကရာဇ် (၉၁၀)ပြည့်နှစ်တွင် ဘုရင်နောင်၏ခမည်းတော်တောင်ငူဘုရင်ခံ မင်းရဲသီဟသူ နတ်ရွာစံတော်မူသည်။ မင်းရဲသီဟသူ နတ်ရွာစံကြောင်းကို ဘုရင်တပင်ရွှေထီး ကြားသိတော်မူရလျှင် အလွန်ဝမ်းနည်းကြေကွဲခြင်း ဖြစ်တော်မူသည်။

        တပင်ရွှေထီးသည် မင်းရဲသီဟသူကို ခမည်းတော်အရင်းကဲ့သို့ ချစ်ခင်တော်မူသဖြင့်ဟံသာဝတီကို စိုးစံရသောအခါ တောင်ငူရွှေနန်းကို လွှဲအပ်၍ တောင်ငူဘုရင်ခံအဖြစ် အုပ်စိုးစေခဲ့ခြင်းဖြစ်သည်။ လစ်လပ်သွားသော တောင်ငူဘုရင်ခံနေရာကို ဘုရင့်နောင်၏ညီတော်အား သီဟသူအမည်ဖြင့်စိုးစံရန် အမိန့်တော်ချမှတ်လေရာ မှူးမတ်တို့က "ကေတုမတီနေပြည်တော်ကြီးသည် ဘုန်းတော်ကြီးသောအရှင်တို့၏ စံရာဌာနကြီးဖြစ်ပါသည်။

ယခုအခါ အရှင်၏နောင်တော် ဘုရင့်နောင်သည် လှိုင်မြို့စားအဖြစ်နှင့်သာ အမှုတော်ကိုထမ်းရွက်လျက်နေရပါသည်။ လှိုင်မြို့ဆိုသည်မှာ မြို့ငယ်မျှသာဖြစ်သဖြင့် ဘုရင့်နောင်နှင့် သင့်လျော်မည်မထင်ပါ။ ကေတုမတီ နန်းနှင့်သာလျှင် သင့်လျော်လိမ့်မည်ဟု ထင်မြင်ပါသည်။ သို့ပါ၍ ဘုရင့်နောင်အား ကေတုမတီရွှေနန်းကို လွှဲအပ်သင့်ကြောင်း လျှောက်လိုပါသည်" ဟု မိမိတို့၏ ဆန္ဒကို တပင်ရွှေထီးအား လျှောက်ကြားကြသည်။

        မှူးမတ်တို့လျှောက်ကြားချက်ကို တပင်ရွှေထီးက ...
        "မှူးမတ်တို့လျှောက်ကြားချက်မှာ ငါ့နောင်တော်အကျိုးကို လိုလားသောကြောင့်သာ လျှောက်ကြရိုး မှန်ပေသည်။ သို့ရာတွင် ငါနှင့်ငါ့နောင်တော်မှာ ထီးနန်းစည်းစိမ် အမွေမကွဲပင်ဖြစ်ပေသည်။ ငါဘုရင်မင်းမြတ်ကိုယ်တော်တိုင်လည်း ငါ့နောင်တော် ဘုရင့်နောင်ပင် ဖြစ်တော့သည်။ ငါ့နောင်တော် ဘုရင့်နောင်ကိုယ်တိုင်လည်း ငါဘုရင်မင်းမြတ်ပင်ဖြစ်တော့သည်။ အထူးလျှောက်ကြားရန်မလို" ဟု မိန့်တော်မူသည်။ ဆိုရင်းအဓိပ္ပါယ်မှာ မိမိနှင့်ဘုရင့်နောင် ကွဲပြားခြင်းမရှိ။ ဘုရင့်နောင်သည် ဟံသာဝတီပြည်ကြီးရှင်ဖြစ်သော မိမိနှင့်အတူပင်ဖြစ်သည် ဟူ၍ဖြစ်၏။ တစ်နည်းအားဖြင့် မိမိနတ်ရွာမစံမီမှာပင် ဘုရင့်နောင်သည် မိမိ၏ကိုယ်ပွားတော်ဖြစ်နေရာ မိမိနတ်ရွာစံလျှင် ဘုရင့်နောင်မှ ဟံသာဝတီရွှေနန်းကို ဆက်ခံရမည်ဟု မိန့်ဆိုတော်မူလိုခြင်းဖြစ်သည်။

        ဘုရင်တပင်ရွှေထီး၏ အမိန့်တော်မြတ်ကို ကြားကြရလျှင် မှူးမတ်အပေါင်းတို့မှာ ဘုရင်မင်းမြတ်၏ အလိုတော်စိတ်ရင်းအမှန်ကို သိကြရသဖြင့် ညီတော်နောင်တော်နှစ်ပါးတို့၏ ကိုယ်သာကွဲသော်လည်း စိတ်မကွဲဘဲ လွန်စွာပင် ချစ်ခင်မြတ်နိုးတော်မူကြပေသည်ဟု ချီးမွမ်းပြောဆိုကြလေသည်။

        ထိုကဲ့သို့ ဘုရင်တပင်ရွှေထီးမှ စိတ်ရင်းဆန္ဒတော်အတိုင်း မိန့်တော်မူသည်ကို ကြားသိကြရသည့်အချိန်မှစ၍ မွန်အမတ်၊ မြန်မာအမတ်တို့သည်လည်း ဘုရင့်နောင်အပေါ် ရှေးကထက်ပင် ရိုသေကျိုးနွံလျက် အမှုတော်ကို ကြိုးပမ်းထမ်းရွက်ကြလေသည်။

ဟံသာဝတီတွင် တပင်ရွှေထီး အမူအကျင့်တော်ပျက်ယွင်းသဖြင့် ဘုရင့်နောင်က နိုင်ငံတော်ကို ထိန်းမတ်နေရချိန်တွင် မွန်တို့ထဲမှ ဟံသာဝတီကို ပုန်ကန်ထကြွမည့်သူတစ်ဦး ပေါ်ပေါက်လာသည်။ ထိုသူမှာ သမိန်ထောရာမ ဆိုသူဖြစ်သည်။

        သမိန်ထောရာမအကြောင်းကိုရေးရလျှင် ဟံသာဝတီတွင် ဟံသာဝတီဘုရင် ဓမ္မစေတီ နတ်ရွာစံပြီးနောက် သားတော်ဗညားရန်က မင်းအဖြစ် ဆက်ခံစိုးစံသည်။ ဗညားရန် မင်းမဖြစ်မီ အိမ်နိမ့်စံအဖြစ် စံနေစဉ်တွင် သားတော်တစ်ပါးကို ဖွားမြင်သည်။ ထိုသားတော်သည် ဟံသာဝတီ ပျက်သောအခါ ရဟန်းဝတ်လျက် ပုန်းအောင်းနေခဲ့သည်။ ဟံသာဝတီတွင် တပင်ရွှေထီးစိုးစံနေစဉ် သက္ကရာဇ် (၉၁၁)၌ ဇရွဲအုံမြို့ရှိ သက်အိမ်သွေးသောက်ကြီး မတရူပွဲသို့သွားကာ မြန်မာဘုရင် တပင်ရွှေထီးကို ပုန်ကန်ရန် တိုင်ပင်သည်။
        ထို့နောက် သံလျင်သို့ပြန်၍ မွန်အကြီးအကဲတို့ကို စည်းရုံးပြီး ဒလတွင် လူဝတ်လဲကာ ကျိုက်ပေါဘုရားတွင် သစ္စာပြု၍ သမိန်ထောရာမ ဟူသောအမည်ကို ခံယူ၏။ ယင်းနောက် လူသူဆင်မြင်း စုရုံးကာ မကော်သို့သွားရောက်ပြီး တပ်ခိုင်တပ်လုံတည်၍နေသည်။
        ထိုသို့ သမိန်ထောရာမ ထောင်ထားပုန်ကန်သည့်အကြောင်း တပင်ရွှေထီး ကြားသိတော်မူရလျှင် ဆင်လုံးမြင်းရင်းစီရင်၍ အလျင်အမြန်ချီစေရန် ဘုရင့်နောင်ကို အမိန့်တော်ရှိသည်။

        ဘုရင့်နောင်သည် ဇရွဲအုံမြို့စား ညီတော်သီရိဇေယျကျော်ထင် တစ်တပ်၊ သမြင်တုံမြို့စား ညီတော်နန္ဒယော်ဓာ တစ်တပ်၊ မြောင်းမြမြို့စား ဗညားလော တစ်တပ်၊ ပုသိမ်မြို့စား သမိန်ဗြဿပိုက် တစ်တပ်၊ ပန်းကိုမြို့စား ဗညားက္ကုန္ဒ တစ်တပ်၊ ဒလမြို့စား သီရိဇေယျနော်ရထာ တစ်တပ်၊ ဓနုဖြူမြို့စားသမိန်ရဲသင်ရံ တစ်တပ်၊ ဝန်မြို့စား သမိန်သံလိုက် တစ်တပ်၊ အစုတ်မြို့စား သမိန်အဲပရဲ တစ်တပ်၊ ခဲပေါင်မြို့စား သမိန်သံကျယ် တစ်တပ်၊ သာယာဝတီမြို့စား ဥဇနာ တစ်တပ်၊ ပေါင်း (၁၁)တပ်ကို တိုက်ဆင် (၂၀၀)၊ မြင်း (၃၀၀)၊ စစ်သည် (၆၀၀၀၀) ဖြင့် သမိန်ထောရာမကို နှိမ်နင်းရန် ချီစေသည်။

        ဟံသာဝတီတပ်များ မကော်အရပ်သို့ရောက်လျှင် သူပုန်တပ်တို့နှင့်တွေ့ကာ တိုက်ခိုက်ကြရသည်။ သူပုန်တပ်တွင် သမိန်ထောရာမက ဆင်စီး၍လိုက်ပါသည်။ တိုက်ပွဲတွင် ဘုရင့်နောင်၏ ညီတော်နန္ဒယော်ဓာသည် 'ရဲမြတ်စွာ' ဆင်ကိုစီး၍ အတင်းလွှတ်တိုက်လေရာ သမိန်ထောရာမ စီးသောဆင် မခံနိုင်၍ ဆုတ်ပြေးသည်။ ဟံသာဝတီတပ်တို့ အတင်းဖိ၍တိုက်သဖြင့် သူပုန်တို့ တပ်ပျက်ကာ ဆုတ်ခွာကြရသည်။
        မကော်အရပ်မှ ဆုတ်ရပြီးသည့်နောက် သမိန်ထောရာမသည် ဒလတောတန်းကြီးအတွင်းသို့ဝင်ကာ အင်အားဖြည့်တင်းသည်။ ထိုအခါ ရှေးကထက်ပင် သူပုန်တို့အင်အားက ကြီးမားလာသည်။ သံလျင်မှ သံလျင်မြို့စား နန္ဒကျော်ထင် ဟံသာဝတီသို့ ရောက်ရှိနေကြောင်းသိရသဖြင့် သမိန်ထောရာမသည် သံလျင်ကို အပြင်းသွားရောက် လုပ်ကြံသည်။ သံလျင်ကို အောင်မြင်လျှင် အခိုင်အလုံပြုကာ တပ်တည်၍နေသည်။

       ထိုအကြောင်းကို တပင်ရွှေထီး ကြားတော်မူလျှင် သမိန်ထောရာမ ပုန်ကန်သည့်အရေးအား အလျင်အမြန် နှိမ်နင်းနိုင်ပါမှ ဖြစ်တော့မည်ဟုတွေးကာ ဘုရင့်နောင်ကိုယ်တိုင် ဦးစီးကြပ်မတ်၍ စစ်ချီရန် မိန့်ကြားသည်။
        ဘုရင့်နောင်မှာ ဟံသာဝတီရွှေနန်းတွင် တပင်ရွှေထီးအား ထားခဲံ့ရမည်ကို စိတ်မချနိုင်။ ပေါ်တူဂီနိုင်ငံသားကို အပါးတော်တွင်ထားကာ ပေါင်းဖက်နေခဲ့၍ သေရည်အရက်ကို စွဲကြိုက်ကာ မင်းတရား၏ အသိစိတ်တို့ တိမ်းစောင်းလွဲမှားတတ်သည့်အတွက် "အရှင်၏မိန့်ကြားချက်မှာ မှန်ပါသည်။ သူပုန်တို့သည် ကျေးစွန်ရွာ လက်ရှိနေသူတို့နှင့် စိတ်ဝမ်းညီပါလျှင် အင်အားကြီးမားလာကာ အလုပ်အကြံများရမည်မှာ အမှန်သာဖြစ်သည်။ သို့သော် အရှင့်အားထား၍ နေပြည်တော်မှ ခွာရမည်မှာ ခက်လှပါသည်" ဟု ဘုရင်တပင်ရွှေထီးအတွက် စိတ်မချသည့်သဘောဖြင့် တင်လျှောက်သည်။

        ဤတွင် တပင်ရွှေထီးက ...
        "သူပုန်တို့၏ အင်အားကြီးလှသည်ဟု ကြားသိတော်မူသည်။ မည်မည်ရာရာ မှူးမတ်တို့ကို ခန့်တော်မူ၍ အရေးပြီးမည်မဟုတ်ချေ။ ယခုကိစ္စတွင် နောင်တော်ကိုယ်တိုင်ချီမှသာလျှင် အရေးတော်ပြီးလွယ်လိမ့်မည်။ နောင်တော် မစိုးရိမ်ပါနှင့်။ ငါ၏အပါးတော်တွင်လည်း တောင်ငူစားသီဟသူ၊ မုတ္တမစားစောလကွန်းအိမ်နှင့် သမိန်စောထွတ်တို့ ရှိလေပြီးသည်။ သူပုန်ရန်ကိုသာ အလျင်ချီ၍နှိမ်မှသင့်မည်" ဟု မိန့်တော်မူသည်။

        ဘုရင့်နောင်သည် တပင်ရွှေထီး၏အမိန့်တော်ကို မလွန်ဆန်နိုင်သဖြင့် ကိုယ်တိုင်ပင်ဦးစီးကြပ်မတ်၍ သံလျင်သို့ချီကာ သမိန်ထောရာမရန်ကိုနှိမ်နင်း၍ စီရင်ရတော့သည်။ မချီမီ ညီတော်သီဟသူ၊ စောလကွန်းအိမ်နှင့် သမိန်စောထွတ်တို့ကို ညီတော်မင်းတရားအား အထူးဂရုစိုက်စောင့်ကြပ်ရန် မိန့်မှာသည်။
        သမိန်ထောရာမ၏တပ်အင်အားမှာ ကြီးမားလှသည့်အတွက် ဘုရင့်နောင်သည် သမိန်ထောရာမ၏ သူပုန်တပ်ကို အပြီးတိုင်နှိမ်နင်းရန်အတွက် တပ်ပေါင်း(၁၉)တပ်ကို စီရင်သည်။

        ယင်းတပ် (၁၉)တပ်မှာ  ညီတော်နန္ဒယော်ဓာ တစ်တပ်၊ ဥဇနာ တစ်တပ်၊ သမိန်ရဲသင်ရံ တစ်တပ်၊ ညီတော်သီရိဇေယျကျော်ထင် တစ်တပ်၊ သီရိဓမ္မရာဇ် တစ်တပ်၊ သီရိဇေယျနော်ရထာ တစ်တပ်၊ သမိန်ဗြဿပိုက် တစ်တပ်၊ သမိန်သံကျယ် တစ်တပ်၊ နန္ဒာကျော်ထင် တစ်တပ်၊ သမိန်ဇောကရတ် တစ်တပ်၊ နန္ဒသင်္ကြန် တစ်တပ်၊ သမိန်သံလိုက် တစ်တပ်၊ သမိန်ပရမ်း တစ်တပ်၊ ဗညားက္ကုန္ဒ တစ်တပ်၊ သည့်နောက်မှ ဘုရင့်နောင်က အရပ်ခုနှစ်တောင်ရှိသော 'ဥပါသထ' ဆင်တော်ကို ရွှေကြိုးရွှေကတပ်၍ စီးတော်မူသည်။ တပ်တော်တွင် နန္ဒသင်္ကြန်ကို တပ်မှူး၊ ဇေယျဗလကို စစ်ကဲခန့်ကာ လက်ဝဲရဲတိုင်မြင်းတပ်၊ လက်ယာရဲတိုင်မြင်းတပ်၊ တုရင်ယော်ဓာမြင်းတပ်၊ ဒေဝသူရမြင်းတပ်၊ ယင်းမြင်း(၄)တပ်နှင့် တပ်ပေါင်း(၁၉)တပ်တွင် တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၄၀၀၀)၊ စစ်သည်(၈၀၀၀၀)ဖြင့် ချီသည်။

        ဟံသာဝတီမှ အပြင်းချီ၍ သံလျင်သို့ရောက်လျှင် စစ်ကိုမချဘဲ သံလျင်ကို သုံးမျက်နှာက ပတ်ဝိုင်းလျက် အတင်းတိုက်ခိုက်သည်။ သမိန်ထောရာမကလည်း မိမိအင်အားဖြင့် သံလျင်မြို့တွင်းမှ ခုခံသည်။ သို့သော် သမိန်ထောရာမမှာ လူသူအင်အားများပြားသော်လည်း လက်နက်မပြည့်စုံသည့်အတွက် ဟံသာဝတီတပ်များကို ကြာရှည်မခုခံနိုင်ဘဲရှိသည်။ ဟံသာဝတီတပ်များ မြို့ရိုးမြို့တာများကို အတင်းဖောက်ဖျက်ကာ မြို့တွင်းသို့ဝင်ရောက်ကြလေရာ သမိန်ထောရာမလည်း စုရုံးမိသမျှ မိမိနောက်လိုက်များနှင့် မြို့မှထွက်၍ ဒလအနောက်ဘက်သို့ ပြေးရလေသည်။
        ဘုရင့်နောင်သည် သမိန်ထောရာမကို လက်ရဖမ်းလိုသဖြင့် သံလျင်တွင် ရပ်တန့်မနေဘဲ ဒလသို့ကူး၍ လိုက်သည်။ ဘုရင့်နောင်တပ်များ ဒလသို့ရောက်သောအခါ သမိန်ထောရာမသည် ဒလတွင် မခိုဝံ့တော့ဘဲ အနောက်ဘက်တစ်ကြောသို့ ထွက်ပြေးတိမ်းရှောင်သွားသည်။

        ဘုရင့်နောင်က သံလျင်ကိုအောင်ကြောင်းနှင့် သမိန်ထောရာမ အရေးနိမ့်ကာ ထွက်ပြေးတိမ်းရှောင်ကြောင်း တပင်ရွှေထီးထံလျှောက်ကြားရာ တပင်ရွှေထီးက ဘုရင့်နောင်အား ဟံသာဝတီသို့ ပြန်မလာသေးဘဲ ဒလကို အခိုင်အလုံပြု၍ သူပုန်ရန်ကို အပြီးတိုင်နှိမ်နင်းရန် မိန့်တော်မူသည်။

 ဟံသာဝတီတွင် ဘုရင့်နောင်မရှိခြင်းမှာ နန်းစည်းစိမ်ကို ရရန်ကြံနေသူ မသူတော်တို့အတွက် အခွင့်ကောင်းတစ်ရပ်ပင်ဖြစ်လာသည်။ တပင်ရွှေထီးအပါးတွင် အစောင့်အကြပ်အဖြစ် ဘုရင့်နောင်ထားခဲ့သည့် ညီတော်သီဟသူ၊ မုတ္တမစားစောလကွန်းအိမ်နှင့် သမိန်စောထွတ်ဆိုသည့် ပုဂ္ဂိုလ်သုံးဦးအနက် သမိန်စောထွတ်ကား လွန်စွာကြောက်စရာကောင်းသည့်ပုဂ္ဂိုလ်ပင်ဖြစ်သည်။

        ဘုရင်တပင်ရွှေထီးက ယုံစားတော်မူ၍ ယုံကြည်စိတ်ချစွာ  အနီးတွင်ထားသော်လည်း ကျေးဇူးသစ္စာကို မစောင့်မသိ။ နန်းစည်းစိမ်အာဏာပလ္လင်ကိုမက်မောကာ မိမိ၏အရှင်သခင်ကို လုပ်ကြံရန် ကြံစည်နေသူဟု ဆိုရမည်။
        ဘုရင့်နောင် သံလျင်သို့ရောက်နေစဉ် သက္ကရာဇ် (၉၁၁)ခု၊ တပို့တွဲလတွင် သမိန်စောထွတ်သည် ပုဏ္ဏားတော်များနှင့်ပူးပေါင်း၍ တပင်ရွှေထီး၏ဇာတာတော်ကို စစ်ဆေးသည့်ဟန် ပြုစေသည်။ ပုဏ္ဏားတော်များက ဇာတာတော်မသန့်သည့်အတွက် ဟံသာဝတီနန်းမှ အခြားတစ်နေရာသို့ ယာယီပြောင်း၍စံသင့်ကြောင်း လျှောက်ထားသည်။ သမိန်စောထွတ်ကလည်း ယာယီနန်းပြောင်းသင့်ကြောင်း လျှောက်တင်လာသည်။
        ထိုအခါ ဘုရင့်နောင်၏ အမိန့်နှင့် တပင်ရွှေထီးအပါးတော်တွင် စောင့်ရှောက်နေကြသော သီဟသူနှင့် စောလကွန်းအိမ်တို့က ယခုချိန်တွင် ရွှေနန်းတော်မှထွက်၍ ယာယီနန်းစံရန် မသင့်ကြောင်းကို တင်လျှောက်ကြသော်လည်း ပျက်စီးဖို့ရန် အချိန်အခါကျရောက်လာပြီ ဖြစ်သည့် တပင်ရွှေထီးက နားဝင်တော်မမူဘဲ ပန်းတရော်ထွက်ရန် တပ်သားများကိုသာ စီစဉ်စေသည်။ ဟံသာဝတီတွင်မူ ဘုရင့်နောင်ညီတော်သီဟသူကို အစောင့်အနေထားသည်။ ထို့နောက် တိုက်ဆင်(၁၀၀)၊ မြင်း(၂၀၀၀)၊ စစ်သည်(၄၀၀၀၀)ဖြင့် ပန်းတရော်သို့ ပြောင်းရွှေ့ကာ ယာယီနန်းစံမြန်းသည်။

        ဘုရင်တပင်ရွှေထီး ပန်းတရော်၌ ယာယီနန်းစံမြန်းနေစဉ်တွင် စစ်တောင်းစားမင်းမဟာ ကွယ်လွန်ကြောင်းကြားသိတော်မူလေရာ တပင်ရွှေထီးသည် လစ်လပ်သွားသော မင်းမဟာနေရာတွင် မိမိ၏လူယုံ သမိန်စောထွတ်ကို စစ်တောင်းစားအဖြစ် ခန့်အပ်လိုက်သည်။
        စစ်တောင်းစားဖြစ်လာသည့်အတွက် သမိန်စောထွတ်၏ အာဏာမှာ ယခင်ကထက် ကြီးမားလာရာ သမိန်စောထွတ်သည် အရှင်သခင်၏အကျိုးကိုလိုဟန်ဖြင့် တပင်ရွှေထီး၏လုံခြုံရေးအတွက် ၄င်း၏ညီနှစ်ဦးအား လက်ယာဓားမှူးနှင့် လက်ဝဲဓားမှူးများအဖြစ် ခန့်အပ်ရန် လျှောက်ထားရာ တပင်ရွှေထီးကလည်း လက်ခံလေသည်။
        အကျိုးတော်ကိုလိုလားသော စောလကွန်းအိမ်က သမိန်စောထွတ်၏ညီနှစ်ယောက်အား ရွှေဓားမှူး ခန့်ထားခြင်းကို နှစ်သက်ခြင်းမရှိသော်လည်း ဘုရင့်အလိုတော်နှင့် ဆန့်ကျင်ပြီး လျှောက်တင်ရန် မဝံ့သည့်အတွက် အသာပင်ကြည့်နေရလေသည်။
        ပန်းတရော်တွင် ယာယီနန်းစံမြန်း၍ တစ်လမျှကြာလျှင် သမိန်စောထွတ်သည် အကြံတစ်မျိုးဖြင့် တပင်ရွှေထီးအား ပန်းတရော်တပ်မှ ရခိုင်တပ်သို့ ပြောင်းရွှေ့စံမြန်းပါရန် လျှောက်ပြန်သည်။ ရခိုင်တပ်ဆိုသည်မှာ ယခင်သံတွဲမြို့စားလာရောက်စဉ်က ရခိုင်မှပါလာသည့်တပ်များကို နေရာချထားသော အရပ်ဖြစ်သည်။ ရခိုင်စစ်သည်တို့နေရာဌာနေဖြစ်၍ ၎င်းအရပ်ကို ရခိုင်တပ်ဟူ၍ခေါ်သည်။
        ရခိုင်တပ်တွင် တပင်ရွှေထီးစံနေတော်မူစဉ် သမိန်စောထွတ်သည် မိမိ၏နောက်လိုက်များနှင့်ပေါင်း၍ အရှေ့ကသာအရပ်တွင်ဆင်ဖြူတော်ပေါ်နေကြောင်း သတင်းလွှင့်သည်။ ထို့နောက် တပင်ရွှေထီးအား အရှင်၏ဘုန်းကံကြောင့် ဆင်ဖြူတော်ပေါ်လာခြင်းဖြစ်သည့်အတွက် ကိုယ်တော်တိုင် ဖမ်းယူသင့်ကြောင်း လျှောက်တင်သည်။

        တပင်ရွှေထီးသည် 'ဆင်ဖြူရှင်' အမည်ကို ခံယူလိုသဖြင့် သင့်, မသင့် မနှိုင်းချိန်နိုင်ဘဲ သမိန်စောထွတ်၏ စကားကို လက်ခံကာ ရခိုင်တပ်မှ ကသာသို့ပြောင်းကာ ကသာရှိ အင်းကလိန်ဘုရားအနီး၌ တပ်တော်ချနေသည်။ အင်းကလိန်ဘုရားအနီးတွင် တပ် စခန်းချစဉ် တပင်ရွှေထီးသည် အပါးတော်၌ခစားနေသော စောလကွန်းအိမ်ကို ဆင်ဖြူတော်ရရေးအတွက် ရဲမက်ဗိုလ်ပါစုရုံးရန် မုတ္တမသို့ လွှတ်သည်။
        စောလကွန်းအိမ်က ...
        "ကိုယ်တော်နှင့်ကျွန်တော့်ကို မကွာစေနှင့်ဟု ဘုရင့်နောင်တော်က မှာတော်မူပါသည်" ဟု အကြိမ်ကြိမ်တင်လျှောက်သော်လည်း တပင်ရွှေထီးက "ငါ့အတွက် မပူနှင့်၊ သမိန်စောထွတ် ငါ့အနီးတွင်ရှိသည်။ မုတ္တမသို့သာ သွားလေ" ဟု မိန့်တော်မူသည့်အတွက် စောလကွန်းအိမ်မှာ မည်သို့မျှ အမိန့်တော်ကို မလွန်ဆန်နိုင်တော့ဘဲ ကသာမှခွာကာ မုတ္တမသို့ ပြန်ခဲ့ရသည်။
        သမိန်စောထွတ်ကား မိမိကြံစည်ထားသည့်အတိုင်း အချိန်ကောင်း အခွင့်ကောင်းကို ရပြီဖြစ်သည့်အတွက် မိမိညီ ဓားမှူးများနှင့် ဘုရင်ကိုလုပ်ကြံရန် တိုင်ပင်သည်။
        ထိုညကား သက္ကရာဇ် (၉၁၂)ခု၊ ကဆုန်လပြည့်ကျော်(၁)ရက်၊ ဗုဒ္ဓဟူးနေ့သို့အဝင် ညဥ့်(၃)ချက်တီးကျော်အချိန်။
        အင်ကလိန်ဘုရားတစ်ဝိုက်တွင် အကာလညဥ့်အမှောင်နှင့်အတူ တိတ်ဆိတ်နေသည်။ ယာယီတဲနန်းအတွင်းရှိ သမိန်စောထွတ်နှင့် ညီဖြစ်သူ ဓားမှူးနှစ်ယောက်သည် ဘုရင်တပင်ရွှေထီး စက်ပျော်လျက်ရှိမည့်အချိန်ကို စောင့်နေကြသည်။ စက်ပျော်လျက်ရှိကြောင်းသေချာပြီဆိုသည်နှင့် သမိန်စောထွတ်သည် လက်ဝဲဓားမှူးကို အချက်ပြလိုက်သည်။ လက်ဝဲဓားမှူး၏ဓားသည် ဓားရောင်ဝင်းလျက် အပေါ်သို့မြောက်တက်သွားကာ ပြင်းစွာသောအရှိန်ဖြင့် အောက်သို့ ပြန်ကျလာသည်။ ဓားက အလွန်ထက်မြက်လှသဖြင့် တပင်ရွှေထီး၏ ဦးခေါင်းတော်မှာ တစ်ချက်တည်းဖြင့် သလွန်တော်မှ အောက်သို့ ကျသွားရသည်။

        ဘုရင့်ဦးခေါင်းတော်ပြတ်သည်နှင့် "အောင်ပြီ၊ အောင်ပြီ" ဟု သမိန်စောထွတ်နှင့် လက်ဝဲလက်ယာဓားမှူးတို့ ကြွေးကြော်အော်ဟစ်လိုက်ကြသည်။ အင်ကလိန်တပ်တော်တွင် ရုတ်ရုတ်သဲသဲ ဖြစ်၍သွားသည်။
        ဘုရင်တပင်ရွှေထီးကား မိမိယုံကြည်ခဲ့မိသူ၏လက်ချက်ဖြင့် နတ်ရွာစံတော်မူခဲ့ရပြီဖြစ်သော်လည်း သလွန်တော်အောက်တွင် ကျနေသော ဦးခေါင်းတော်ကား အသက်ရှိနေသောသူကဲ့သို့  မျက်တောင်တခတ်ခတ်ရှိနေသည်။ မျက်တောင်ခတ်နေသည်မှာ နေ့တစ်ချက်တီးကျော်မှပင်ငြိမ်လေသည်။
        ထိုကဲ့သို့ ထူးဆန်းပုံများကို တပင်ရွှေထီးကိုးကွယ်သော ဇောတိကာရုံဆရာတော် ကြားတော်မူလေလျှင် ပြတ်ပြီးသောဦးခေါင်းတော်မှ မျက်တောင်ခတ်သည့် နိမိတ်များမှာ မွန်နိုင်ငံတွင် မွန်တို့အုပ်စိုးရလိမ့်မည်မဟုတ်သေး။ မြန်မာဘုရင်များ ဆက်လက်အုပ်စိုးရလိမ့်ဦးမည်ဟု မိန့်ဆိုတော်မူလေသည်။
        ဘုရင်တပင်ရွှေထီးသည် သက္ကရာဇ် (၈၇၈)ခု၊ ကဆုန်လပြည့်ကျော် (၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူပြီး၊ သက္ကရာဇ် (၉၁၂)ခု၊ ကဆုန်လပြည့်ကျော် (၁)ရက် ဗုဒ္ဓဟူးနေ့တွင်ပင် နတ်ရွာစံလွန်သည့်အတွက် ဖွားနေ့၊ ဖွားရက်၊ နတ်ရွာစံနေ့ရက်တို့ တူ၍နေသည်ကလည်း ထူးခြားလှသည်။
        အိမ်ရှေ့စံ (၁၅)နှစ်၊ နန်းစည်းစိမ်(၂၀)နှစ် သက်တော်(၃၅)နှစ်တွင် နတ်ရွာစံတော်မူသည့်အတွက် အရွယ်တော်မှာ နုနယ်ပျိုမျစ်ချိန်ဖြစ်သည်ဟု ဆိုရမည်။ တိုင်းတစ်ပါးလူမျိုးခြားတစ်ဦးနှင့် ပေါင်းမိ၍ အရက်သေစာကိုစွဲရာမှ အမှားအမှန်ကို မနှိုင်းချိန်နိုင်၊ မဆင်ခြင်နိုင်ဖြစ်ကာ မယုံစားသင့်သူကို ယုံစားမိခဲ့သည့်အတွက် "လူယုံသတ်ကာ သေကြရ" ဆိုသကဲ့သို့  အရွယ်တော်ကောင်းစဉ်တွင် နတ်ရွာစံခဲ့ရသည်မှာ ဝမ်းနည်းဖွယ်ရာ၊ သင်ခန်းစာယူစရာများပင်ဖြစ်သည်။

        တပင်ရွှေထီးကိုးကွယ်တော်မူသော ဇောတိကာရုံဆရာတော်သည် မသမာသူ၏လက်ချက်ဖြင့် အသက်ဆုံးရှုံးရလေသော မိမိ၏ဒါယကာ ဘုရင်၏အလောင်းတော်ကို ကောင်းမွန်စွာသဂြိုလ်လိုသည့် အတွက် အလောင်းတော်ရှိရာ ယာယီနန်းသို့ လျင်မြန်စွာ ကြွတော်မူပြီးလျှင် သမိန်စောထွတ်ထံတွင် အလောင်းတော်ကို တောင်းခံသည်။ သမိန်စောထွတ်ကလည်း ၎င်း၏အကြံအောင်ပြီဖြစ်သဖြင့် တစ်စုံတစ်ရာကန့်ကွက်ခြင်းမပြုဘဲ ဆရာတော်၏သဘောဆန္ဒအတိုင်းဆောင်ရွက်ရန် အလောင်းတော်ကို ဆရာတော်ထံ အပ်နှံသည်။
        ဇောတိကာရုံဆရာတော်သည် တပင်ရွှေထီး၏အလောင်းတော်ကို အင်ကလိန်ဘုရားအနီး တောတောင်အတွင်းမှာပင် ကောင်းမွန်စွာ သဂြိုလ်တော်မူသည်။ ထို့နောက် ဆရာတော်ကိုယ်တိုင် အရိုးတော်ကို ရွှေအိုး၌ထည့်ပြီးလျှင် သန့်ပြန့်သောအရပ်ဌာန၌ မြှုပ်နှံတော်မူသည်။

        ဘုရင့်နောင်သည် အကြံအစည်တော်အောင်မြင်၍ ဘုန်းကြီးသောမင်း အဖြစ်သို့ ရောက်တော်မူသောအခါ သက္ကရာဇ် (၉၁၄)ခု၊ ဝါဆိုလတွင် ဘုရင်တပင်ရွှေထီးသင်္ချိုင်းတော် ရှိရာသို့ နန္ဒသူရိယအမတ်နှင့် နန္ဒကျော်ထင်အမတ်နှစ်ယောက်တို့ကို လွှတ်တော်မူကာ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ရွှေတန်ဆောင်တိုင်၊ ငွေတန်ဆောင်တိုင်တို့ဖြင့် ပူဇော်စေပြီး သင်္ချိုင်းတော်ရာတွင် စေတီတည်ထားတော်မူလေသည်။

ဆက်ရန်
စာရေးသူ ကိုဟိန်းဇေ

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း ၉)


ဘုရင့်နောင်သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် စစ်သည်ကောင်းများကို ရွေးချယ်ပြီးလျှင် တပ်ပေါင်း(၂၅)တပ်ကို ဖွဲ့သည်။  ယင်းတို့မှာ ရှေ့တော်ကချီရန် တပ်ပေါင်း(၁၂)တပ်၊ တပ်မတော်ကြီး(၁)တပ်၊ နောက်တော်ကချီရန် တပ်ပေါင်း(၁၂)တပ် ဖြစ်၏။ ထိုတပ် စုစုပေါင်း (၂၅)တပ်တွင် မြင်းတပ် (၈)တပ် ပါဝင်သည်။
        တပ်အားလုံးကို စီရင်ပြီးသောအခါ ယိုးဒယားသို့ ချီတော်မူရန် ကိစ္စပြီးစီးကြောင်း တင်လျှောက်လေရာ ဘုရင်တပင်ရွှေထီးသည် သက္ကရာဇ် (၉၀၁)ခု၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်နေ့တွင် ဟံသာဝတီနေပြည်တော်မှ အောင်စည်အောင်မောင်းများတီးလျက် ကြီးကျယ်သောအင်အားတို့ဖြင့် ယိုးဒယားသို့ချီတော်မူသည်။

        ချီတော်မူသောတပ်စဉ်များကား ဤသို့ဖြစ်သည်။ ရှေ့တော်ကြီး (၁၂)တပ်တွင် တိုက်ဆင် (၂၀၀)၊ စစ်သည် (၄၀၀၀၀) ပါဝင်ပြီး ဘုရင့်နောင်က အုပ်ချုပ်ကွပ်ကဲသည်။
        ဘုရင်တပင်ရွှေထီးကိုယ်တော်တိုင် ပါတော်မူသော အလယ်တပ်မကြီးတွင် တိုက်ဆင်(၈၀)၊ စစ်မြင်း(၂၀၀)၊ စစ်သည်(၄၀၀၀၀) ပါဝင်ပြီး ရာဇသင်္ကြန်က အုပ်ချုပ်သည်။
        နောက်တော်မှချီသည့် (၁၂)တပ်တွင် တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၄၀၀၀၀) ပါဝင်ပြီး၊ ပြည်ဘုရင် သတိုးဓမ္မရာဇာက အုပ်ချုပ်သည်။

        ဟံသာဝတီနေပြည်တော်တွင်မူ ဒလမြို့စား သီရိဇေယျနော်ရထာနှင့် မွန်အမတ်ကြီးဗညားက္ကုန္ဒတို့ကို ဗိုလ်ပါအလုံအလောက်နှင့် မြို့စောင့်ထားတော်မူသည်။
        တပင်ရွှေထီး၏ဟံသာဝတီတပ်တော်များ ယိုးဒယားနိုင်ငံအယုဒ္ဓယမြို့တော်သို့ ပထမဆုံးအကြိမ်စစ်ချီရာလမ်းမှာ ဟံသာဝတီမှ မုတ္တမ၊ ထို့နောက် မော်လမြိုင်၊ မော်လမြိုင်မှ အထ္ထရံမြစ်ကြောင်းအတိုင်းချီ၍ ဘုရားသုံးဆူတောင်ကြားလမ်းကိုဖြတ်ကာ ကံပူရီ၊ ထိုကံပူရီမှ ယိုးဒယားဘုရင်စံရာ အယုဒ္ဓယမြို့တော်သို့ဖြစ်သည်။
       မုတ္တမမှ မော်လမြိုင်သို့ အကူးတွင် သံလွင်မြစ်ကိုဖြတ်၍ကူးရန် လှေဖောင်တို့ကိုဆက်၍ အခိုင်အခံ့တံတားကြီးဆောက်သည်။ မော်လမြိုင်သို့ရောက်တော်မူသောအခါ ယိုးဒယားသို့ချီရန်အရေးကို မော်လမြိုင်မြို့စား ဗညားဦးနှင့် တိုင်ပင်တော်မူသည်။ ဗညားဦးက ခရီးကျွမ်းကျင်သောသူတို့ကို ရှေ့တော်သို့သွင်းစေပြီးလျှင် အယုဒ္ဓယသို့ အလျင်အမြန် တိုက်တော်မူရန်အတွက် ကံပူရီစခန်းသို့ ချီတော်မူရန်သင့်ကြောင်း လျှောက်တင်လေရာ တပင်ရွှေထီးက လက်ခံသဘောတူတော်မူပြီး မော်လမြိုင်မှ ကံပူရီမြို့သို့ ချီတော်မူသည်။

        ကံပူရီမှ (၁၅)ရက်ခန့်ဆက်၍ချီသည်တွင် မြန်မာဘုရင်တပင်ရွှေထီး၏ တပ်မကြီး အယုဒ္ဓယသို့ ချီလာနေပြီဆိုသည့်သတင်းကို ယိုးဒယားဘုရင် ဗြသာဓိရာဇာ ကြားရလေသည်။
        သို့ဖြင့် ယိုးဒယားဘုရင်သည် ဆင်၊ မြင်း၊ ဗိုလ်ပါ အလုံးအရင်းဖြင့် သားတော်၊ ညီတော်များ ပါဝင်လျက် ကိုယ်တိုင် မြန်မာတပ်များကိုတိုက်ရန်  အယုဒ္ဓယမြို့တော်မှ ထွက်၍ကြိုစောင့်သည်။

        ထိုသို့ ယိုးဒယားဘုရင်၏တပ်များ ဆီးကြိုနေကြောင်းကို တောသာ 'လဝလူရိုင်း' များက တပင်ရွှေထီးအား လျှောက်တင်လာကြလျှင် စစ်သုံးကြောင်းခွဲ၍ ယိုးဒယားတပ်ကိုတိုက်မှသင့်မည်ဟု ကြံစည်တော်မူပြီးလျှင် မိမိတပ်မှူးများကို ဤသို့မိန့်တော်မူသည်။
       "ပြည်ဘုရင်သတိုးဓမ္မရာဇာ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၁၀၀၀) ဖြင့် အလယ်ကြောင်းချီ၍ ယိုးဒယားတို့ကို စစ်မြှူစေ။ ဘုရင့်နောင်က ရှေးနည်းအတိုင်း တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၁၀၀၀၀) ဖြင့် လက်ဝဲကြောင်းချီ၍ ယိုးဒယားတို့အလိုက်တွင် ဝင်၍တိုက်စေ။ ငါဘုရင်မူကား တပ်တော်များဖြင့် လက်ယာကြောင်းချီ၍ တိုက်တော်မူမည်"
        မြန်မာတပ်တို့ချီလာကြရာ ယိုးဒယားတို့သည် အလယ်ကြောင်းချီလာသော မြန်မာမြင်းတပ်များကို မြင်လေလျှင် ဆင်မြင်းအလုံးနင်း၍ အတင်းနင်း၍ တိုက်ကြသည်။ မြန်မာမြင်းတပ်များက ဆုတ်ဟန်ပြု၍ပြေးလာသည်တွင် ယိုးဒယားတို့က တစ်ဟုန်တည်းလိုက်၍ တိုက်ကြတော့သည်။
        ယိုးဒယားတို့ စစ်ကျွံလေလျှင် ဘုရင့်နောင်တို့က တောတွင်းမှထွက်လာကာ နောက်မှဝင်ပြီးလျှင် ယိုးဒယားတပ်များကို တိုက်သည်။ ဘုရင်တပင်ရွှေထီး၏လက်ယာကြောင်းကလည်း ထိုအခိုက်တွင် ဝင်လာပြီး ယိုးဒယားတပ်များကို အတင်းနင်း၍တိုက်ပြန်သည်။

        ထိုအခါ ယိုးဒယားတို့မှာ စစ်သုံးဘက်ညှပ်တိုက်မိသည်နှင့် မြန်မာတပ်များကို မတိုက်နိုင်တော့ဘဲ ဖရိုဖရဲ အကွဲကွဲအပြားပြားဖြင့် တပ်များပျက်ကာ ပြေးကြရသည်။ တိုက်ပွဲမှာ 'ရာဇထိန်' အမည်ရှိသောအရပ်တွင် ပထမဆုံးတွေ့ဆုံတိုက်ရသော စစ်ပွဲဖြစ်ပြီး ယိုးဒယားတို့များစွာ သေကျေပျက်စီးကြသည်။ စစ်ပွဲတွင်ပါဝင်သည့် ယိုးဒယားဘုရင်၏ မိဖုရား ဆူရိယိုးထိုင်(ဆူရိယိုးဒယား)နှင့် သမီးတော်တစ်ပါးမှာလည်း ကျဆုံးသွားပြီး ယိုးဒယားဘုရင်၏ သားတော်နှင့်ညီတော်တို့ကိုလည်း မြန်မာတို့က အရှင်ဖမ်းမိလိုက်သည်။ ယိုဒယားဘုရင်မှာ စုရုံးမိသမျှသော ရဲမက်ဗိုလ်ပါများနှင့် အယုဒ္ဓယမြို့တော်သို့ အတင်းပြန်ဆုတ်သွားရသည်။ မြန်မာတို့က ဆင်မြင်းများနှင့် သုံ့ပန်းပေါင်းများစွာတို့ကို ရရှိသည်။
        ယိုးဒယားဘုရင် ဆုတ်ခွာသွားရာသို့ မြန်မာစစ်ကြောင်း (၃)ကြောင်းစလုံးပင် နောက်မှ အပြင်းလိုက်သည်။ ဘုရင်တပင်ရွှေထီးသည် အယုဒ္ဓယမြို့တော်ကိုရောက်သည်နှင့်တပြိုင်နက် တပ်ကိုမချစေဘဲ မြို့ကိုတက်စေသည်။ သို့သော်မအောင်မြင်။ ယိုးဒယားတို့၏ အယုဒ္ဓယမြို့ရိုးမှာ အထူးမြင့်မားလှ၍ဖြစ်သည်။ မြို့တော်၏ပတ်ပတ်လည်တွင်လည်း ရေများက ဝိုင်းလျက်ရှိသည်။ မြို့ရိုးပြထိပ်မှ အစောင့်တပ်သား ပေါ်တူဂီများကလည်း အမြောက်၊ စိန်ပြောင်းတို့ဖြင့် အပြင်းအထန် ပစ်ခတ်နေကြသောကြောင့် မြို့ကို အဝေးမှသာ ရံ၍နေကြရသည်။

        တစ်လခန့်ကြာသည့်တိုင် မြို့ကိုဝန်းရံပြီး လုပ်ကြံသော်လည်း မရသည့်အတွက် တပင်ရွှေထီးသည် ဘုရင့်နောင်နှင့် တပ်မှူးများကိုခေါ်၍ တိုင်ပင်တော်မူရာ ဘုရင့်နောင်က   "ယခုမြို့ရင်းကိုတိုက်ခိုက်၍ မရနိုင်ဘဲ ရှိသည်မှာ  ယိုးဒယားတို့၏ မြို့ရိုးကလည်း မြင့်၍လုံခြုံနေပါသည်။ မြို့တွင်းတွင် နိုင်ငံခြားသား လက်နက်ကိုင်တို့နှင့်တကွ ယိုးဒယားစစ်သည်များလည်း များပြားလှပါသည်။ စားရေးရက္ခာလည်း လုံလောက်နေကြဟန် ရှိပါသည်။ သို့ဖြစ်သည့်အတွက် မြို့ကိုဝန်းရံတိုက်ခိုက်နေခြင်းဖြင့် အကျိုးမဲ့ အချိန်မကုန်စေဘဲ မြို့ရင်းမှခွာ၍ မြို့ရံများကို တိုက်ရန်သင့်ပါသည်။ ကမန်ပိုက်မြို့၊ သောက္ကတဲမြို့၊ ပိဿာလောက်မြို့များကို ကျွန်တော်တို့အနေဖြင့် တိုက်ခိုက်သိမ်းပိုက်မိပါလျှင် ယိုးဒယားဘုရင်နှင့်တကွ ယိုးဒယားမြို့ အရှင့်လက်မှ လွတ်နိုင်မည်မဟုတ်ပါ" ဟု လျှောက်တင်သည်။

        ဘုရင့်နောင်၏ လျှောက်တင်ချက်ကို တပင်ရွှေထီး လက်ခံတော်မူသဖြင့် နောက်တစ်နေ့နံနက်တွင် ရံတပ်များကိုနှုတ်၍ ကမန်ပိုက်သို့ ချီတော်မူသည်။

        မြန်မာဘုရင်တပင်ရွှေထီးက တပ်ကိုနှုတ်၍ ကမန်ပိုက်သို့ ချီတော်မူသည်ကို ယိုးဒယားဘုရင်က အားလျော့၍ပြန်ပြီဟုထင်သည်။ ထို့ကြောင့်စစ်သုံးကြောင်းခွဲကာ အလုံးအရင်းဖြင့် တိုက်ရန် နောက်မှလိုက်သည်။
        စစ်ကြောင်းသုံးကြောင်းမှာ ယိုးဒယားဘုရင်၏ညီတော် သြယာပိသလောက်နှင့် အောက်ဗျစက္ကိတို့က စစ်တစ်ကြောင်း၊ ယိုးဒယားဘုရင်၏သမက် သြယားလကွန်းအိမ်နှင့် သြယားရံတို့က စစ်တစ်ကြောင်း၊ ယိုးဒယားဘုရင်ကိုယ်တော်တိုင်က စစ်ကြောင်းတစ်ကြောင်းဖြစ်၏။
        ယိုးဒယားတပ်များ နောက်မှတိုက်ရန်လိုက်လာကြောင်း ဘုရင်တပင်ရွှေထီး သိတော်မူလေလျှင် ကမန်ပိုက်သို့ ဆက်၍ ချီတော်မမူတော့ဘဲ ကြားရာအရပ်တွင်ပင် စစ်စခန်းချ၍ ရပ်သည်။ တပ်ချပြီးလျှင် စစ်ကြောင်းသုံးကြောင်းကို စီရင်တော်မူသည်။
        "ဘုရင့်နောင်က တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)နှင့် အလယ်ကြောင်းချီစေ။ မွန်အမတ်စောလကွန်းအိမ်က တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)နှင့် လက်ဝဲကြောင်းချီစေ။ မွန်အမတ်ရဲသင်ရံက တပ်ပေါင်း(၅)တပ်၊ တိုက်ဆင်(၁၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၅၀၀၀၀)ဖြင့် လက်ယာကြောင်းချီတက်စေ" ဟု အမိန့်တော်ချသည်။

        ဘုရင်တပင်ရွှေထီးကိုယ်တော်တိုင်မူ   အရပ် (၇)တောင်ရှိသော 'ဇေယျဒိသာ' ဆင်တော်ကိုစီးကာ ထိုးစစ်သုံးကြောင်းနောက်မှ ချီတော်မူသည်။ ထိုသို့ချီတော်မူရာ၌ 'ဇေယျဒိသာ' ဆင်တော်၏ ရှေ့ နောက် ဝဲ ယာ တို့မှ ဥရောပတိုက်သား အမှုတော်ထမ်း စစ်သည်(၃၀၀) တို့က သေနတ်ကိုယ်စီဖြင့် လိုက်ပါကြသည်။
        ဘုရင့်တပ်တော်ကြီး၏ လက်ဝဲတွင် တောင်ငူဘုရင် မင်းရဲသီဟသူက 'နာဂဝရ' မည်သော ဆင်တော်ကိုစီးကာ တိုက်ဆင်(၅၀)၊ စစ်မြင်း(၃၀၀၀)၊ စစ်သည်(၁၅၀၀၀) ဖြင့် လိုက်သည်။
        လက်ယာတွင် ပြည်ဘုရင် သတိုးဓမ္မရာဇာက 'ရဲထွတ်မင်္ဂလာ'မည်သော ဆင်တော်ကိုစီးကာ တိုက်ဆင်(၅၀)၊ စစ်မြင်း(၃၀၀၀)၊ စစ်သည်(၁၅၀၀၀)ဖြင့် လိုက်သည်။
        နောက်တော်ကမူ မွန်တပ်မှူးသမိန်ဗြလမိုက်က 'ယမ်းကမန်' မည်သော ဆင်ကိုစီးကာ တိုက်ဆင်(၅၀)၊ စစ်မြင်း(၃၀၀၀)၊ စစ်သည်(၁၅၀၀၀)နှင့် လိုက်ပါသည်။

        တပင်ရွှေထီး စစ်ချီတော်မူ၍ (၁)ရက်တိုင်ခန့်ရောက်သည်တွင် ယိုးဒယားတို့ကို ကိုယ်တော်တိုင်တိုက်လိုသောဆန္ဒတော်ကြောင့် မြင်းတပ်ဗိုလ်ဖြစ်သည့် ရဲယော်ဓာကို ခေါ်တော်မူကာ "ငါ၏ယောက်ဖတော်တပ်သို့ မြင်းကိုစိုင်း၍သွားလေ။ ရောက်လျှင် ယိုးဒယားတို့ကိုမတိုက်နှင့်ဦး၊ ငါ့ကိုငံ့ဦး၊ ငါရောက်တော်မူမှ ကိုယ်တော်တိုင်တိုက်တော်မူမည်။ ဤကဲံ့သို့ အမိန့်တော်ပြန်ချေ" ဟု မိန့်ကာ စေလွှတ်တော်မူလိုက်သည်။

        ရဲံယော်ဓာသည် မြင်းကိုအပြေးစိုင်းနှင်ပြီးလျှင် ဘုရင့်နောင်နာခံရန် အမိန့်တော်ကိုပြန်၏။ ဘုရင့်နောင်သည် အမိန့်တော်ကိုနာခံပြီးနောက် ရှေ့စခန်းသို့ချီရာ ရေအင်းကြီးကိုတွေ့သဖြင့် တိုက်ဆင်များကို အင်အားပြည့်စေရန် ရေစိမ်၍နေစေ၏။ မြင်းတပ်ကိုမူ ရှေ့သို့ချီစေ၏။
        မြင်းတပ်သည် ယိုးဒယားတို့ချီလာသော စစ်ဦးစစ်ဖျားနှင့်တွေ့ကြသည်တွင် ကြေက်၍ပြေးသယောင်ဖြင့် နောက်ပြန်ဆုတ်လေရာ ယိုးဒယားတပ်တို့က မြန်မာမြင်းတပ်ကိုတိုက်ရန် နောက်မှအပြင်းလိုက်ကြသည်။
        ယိုးဒယားတပ်များ အင်အားကြီးစွာဖြင့်လိုက်လာကြောင်း ဘုရင့်နောင် သိတော်မူလျှင် ရေစိမ်ထားသော ဆင်များကို ရေမှတက်စေသည်။ ထို့နောက် လက်အောက်ခံတပ်မှူးများနှင့် တကွ ဆင်စီးကြပြီးလျှင် ဘုရင်တပင်ရွှေထီး အမိန့်တော်ရှိသည့်အတိုင်း ဘုရင်တပင်ရွှေထီး၏တပ်တော်ကြီး အလာကိုစောင့်ဆိုင်းနေလေသည်။
        ထိုစဉ် ယိုးဒယားတို့နှင့်တိုက်ရန်အတွက် ဘုရင့်နောင်က 'ဇေယျပလ္လင်' မည်သော ဆင်တော်ကြီးကို စီးတော်မူသည်။ ဘုရင်နောင်၏သားတော် အသက်(၁၃)နှစ်အရွယ်သာရှိသေးသည့် ဇေယျသီဟ (နောင်တွင် ဟံသာဝတီ၌ နန္ဒာဘုရင်ဖြစ်လာသူ) က ဘုရင့်နောင်စီးလာသော ဆင်၏နောက်မှ 'ရဲလုလင်'မည်သောဆင်ကို စီးသည်။ လက်ယာကြောင်းချီသော စောလကွန်းအိမ်က 'မဏိဇောကရက်'မည်သော ဆင်တော်ကိုစီးပြီး လက်ဝဲကြောင်းချီသော သမိန်ရဲသင်က 'ရွက်သနှိုက်နဲ'မည်သော ဆင်ကိုစီးသည်။
        ယိုးဒယားတပ်များတဖြည်းဖြည်းနီး၍လာလေရာ "ဘုရင့်အမိန့်တော်အတိုင်း ယိုးဒယားတို့ကို ငါတို့က မတိုက်ဘဲနေလျှင် ငါတို့မြန်မာ သွေးနည်းသည်ဟု သင်းတို့က ထင်သွားကြလိမ့်မည်။ သူတို့က တိုက်၍ ငါတို့က မတိုက်လျှင် သူတို့က ပွဲရသွားလိမ့်မည်။ ဘုရင်မင်းမြတ်မှ ငါ့အား အပြစ်တော်တင်ကလည်း တင်စေတော့။ ကွပ်မျက်လိုလျှင်လည်း ကွပ်မျက်စေတော့၊ မြန်မာတို့ ဇာတိသွေးညံ့ဖျင်း၍ ရဲရင့်ခြင်းမရှိကြဟု ယိုးဒယားသားတို့ အထင်သေးသွားမည်ကို ငါ မခံလို" ဟု ဘုရင့်နောင် တွေးလိုက်ပြီးလျှင် မိမိလက်အောက်ခံ တပ်မှူးအားလုံးကို စစ်ဦးကင်းမှဓားဝင့်၍ နိမိတ်ပြလိုက်ကာ ယိုးဒယားတပ်များလာနေရာသို့ 'ဇေယျပလ္လင်' ဆင်တော်ကြီးကို ချွန်းဖွင့်ကာ တစ်ဟုန်တည်း လွှတ်တော်မူသည်။ ထိုစဉ် သားတော် ဇေယျသီဟလည်း 'ရဲလုလင်'ဆင်တော်ကို အတင်းလွှတ်သည်။
        ဗိုလ်ဖြစ်ကြသော စစ်တောင်းစားမဟာကြီးက 'မာတင်ပြောင်မွန်'ဆင်ကိုစီး၍ လည်းကောင်း၊ သမိန်ဝရမ်းက 'ဇေယျသတ္တရု'ဆင်ကိုစီး၍ လည်းကောင်း၊ သမိန်အဲပရဲက 'စွယ်ပလ္လင်'ဆင်ကိုစီး၍ လည်းကောင်း ယိုးဒယားတပ်များရှိရာသို့ အဟုန်နှင်လွှတ်ကြလေ၏။

        ထိုသို့ ဘုရင့်နောင်ကွပ်ကဲသော တပ်ကြီးတစ်ခုလုံး ယိုးဒယားတပ်များအတွင်းသို့ ဆင်များ၊ မြင်းများ အတင်းလွှတ်လျက် ရွပ်ရွပ်ချွံချွံ မတွန့်မဆုတ် တဟုန်တည်းတိုက်ကြလေသောအခါ  ယိုးဒယားဘုရင်၏ သမက်တော် သြယားလကွန်းအိမ်၏တပ်ကြီးမှာ ဖရိုဖရဲ ဆုတ်ခွာရသည်။
         တိုက်ကြရာတွင် သြယားလကွန်းအိမ်က အရပ်(၇)တောင်ရှိသော 'ဇေယျနုဘတ်'ဆင်တော်ကိုစီးကာ တိုက်လေရာ၊ ဘုရင့်နောင်က 'ဇေယျပလ္လင်' ဆင်ဖြင့်လိုက်၍တိုက်သည်။ ယိုးဒယားဆင် 'ဇေယျနုဘတ်'၏ အာခေါင်ကို 'ဇေယျပလ္လင်'၏ အစွယ်ထိုးမိသဖြင့် ရပ်တန့်ကာစိုက်၍နေသည်တွင် ဘုရင့်နောင်၏ သားတော် အသက်(၁၃)နှစ်အရွယ်  ဇေယျသီဟက 'ရဲလုလင်'ဆင်ဖြင့် အတင်းဝင်၍တိုက်ပြန်ရာ ယိုးဒယားဆင်၏မုန်အိုးကို ထိုးမိပြန်သည်။ ယိုးဒယားဆင်'ဇေယျနုဘတ်'လည်း နာကျင်လွန်းသဖြင့် ကြောက်အားလန့်အားနှင့် မျက်နှာသုန်၍ ထွက်ပြေးလေသည်။
        စစ်ပွဲအတွင်း ယိုးဒယားဘုရင်၏ညီတော် သြယားပိဿလောက်သည် အရပ်(၇)တောင်ရှိသော 'ကြို့စက္ကဝတ်'ဆင်တော်ကိုစီးကာ တိုက်လေရာ၊ စောလကွန်းအိမ်က 'မဏိဇော့ကရတ်' ဆင်ကိုစီး၍ ဗိုလ်ရံများဖြင့်တိုက်သည်။ ထိုအခါ သြယားပိဿလောက်လည်း မခံနိုင်ဘဲ နောက်သို့ဆုတ်ပြေးရသည်။
        အောက်ဗြစက္ကိအမည်ရှိသော ယိုးဒယားအမတ်က'ရွတ်တပိတုံ'မည်သောဆင်ကိုစီး၍ တိုက်လေရာ၊ ရဲသင်ရံက 'ရွတ်သနိုက်'မည်သော ဆင်ဖြင့်တိုက်သည်။ ယိုးဒယားအမတ်ရှုံးကာ စစ်ပွဲတွင်ကျဆုံးသည်။ သို့ဖြင့် ယိုးဒယားတို့ချီလာသော စစ်သုံးကြောင်းစလုံး ပျက်စီးပြီး ယိုးဒယားတို့ တပ်ပျက်၍ ဆုတ်ပြေးကြရသည်။
        ယိုးဒယားတပ်များပျက်သည်တွင် ယိုးဒယားဘုရင်၏သမက်တော် သြယားလကွန်းအိမ်သည် 'ဇေယျနုဘတ်'ဆင်ကို စီး၍ပြေးရာ ရေအင်းကြီးတစ်ခုကိုတွေ့လေသည်။ ဆင်မှာ ပင်ပန်းလှသဖြင့် ချွန်းချိတ်၍မရဘဲ ရေအင်းထဲသို့အတင်းဆင်း၍ ရေစိမ်နေလေသည်။ မြန်မာတပ်များကမြင်၍ ရေအင်းကြီးကို ဝိုင်းကြရာ ယိုးဒယားဘုရင်၏သမက်တော် ဆင်ပေါ်ကဆင်း၍ ပြေးမည်အပြုတွင် ဆင်နှင့်တကွ လက်ရဖမ်းမိလေသည်။

        ယိုးဒယားဘုရင်၏ညီတော် သြယားပိဿလောက်သည် မိမိစီးသောဆင်မှဆင်း၍ မြင်းဖြင့် ထွက်ပြေးသွားသဖြင့် စီးသောဆင်'ကြို့စက္ကဝတ်'ကိုသာ မြန်မာတို့က ရရှိလိုက်သည်။ နောက်မှချီလာသည့် ယိုးဒယားဘုရင်မှာလည်း မိမိတပ်များ အရေးနိမ့်ကြောင်း သိရသည်တွင် ရှေ့သို့မဆက်ဝံ့တော့ဘဲ တပ်ကိုပြန်ဆုတ်ကာ အယုဒ္ဓယမြို့တော်သို့ ပြန်ပြေးသည်။
        ထိုစစ်ပွဲကား မြန်မာနှင့်ယိုးဒယားတို့၏ ပထမဆုံးစစ်ပွဲဖြစ်၏။ မြန်မာတို့၏စွမ်းရည်နှင့် ဇာတိသွေးကို အထင်အရှား ပြတ်ပြတ်သားသား ပြသနိုင်ခဲ့သောစစ်ပွဲလည်း ဖြစ်၏။ ထိုစစ်ပွဲတွင် ယိုးဒယားတို့ထံမှ ဆင်၊ မြင်း၊ သုံ့ပန်းနှင့် လက်နက်များစွာတို့ကိုလည်း ရရှိလိုက်သည်။

        တပင်ရွှေထီးသည် ယိုးဒယားတို့ကို ကိုယ်တော်တိုင်တိုက်ရန် အပြင်းချီလာတော်မူတော်လည်း စစ်ပွဲကိုမှီတော်မမူ။ ဘုရင့်နောင်တပ်ရှိရာသို့ရောက်လျှင် ဘုရင့်နောင်က ယိုးဒယားတို့ထံမှရသည့် မှူးမတ်၊ ဆင်မြင်း၊ လက်နက်တို့နှင့် သုံ့ပန်းတို့ကို ဆက်သသည်။
        တပင်ရွှေထီးက ဘုရင့်နောင်အား ...
        "ရန်သူကိုတွေ့လျှင် မတိုက်နှင့်၊ င့ါကိုငံ့ဦး၊ ငါရောက်မှ တိုက်တော်မူမည်ဟူ၍ ရဲယော်ဓာကို စေခဲ့သည်။ ဘယ်သို့သော အကြောင်းကြောင့် ငါ့ပွဲတော်ကိုဖျက်သနည်း" ဟု မိန့်တော်မူသည်။
        ဘုရင့်နောင်က ...
        "အမိန့်တော်အတိုင်း ကျွန်တော်တို့ဆင်မြင်းဗိုလ်ပါစီစဉ်၍ စစ်အင်ကျင်းပြီးလျှင် အရှင့်အလာကိုငံ့၍နေစဉ် ယိုးဒယားတို့က စစ်သုံးကြောင်းခွဲ၍ ကျွန်တော့်တပ်ရှိရာသို့ အတင်းချီလာကြပါသည်။  အမိန့်တော်အတိုင်း မတိုက်ဘဲနေပါလျှင် ယိုးဒယားတို့က ရဲသွေးမရှိ၊ သတ္တိညံ့ဖျင်းသည်ဟု ထင်ကြပါလိမ့်မည်။ ပွဲကို သူတို့ရသွားမည်ဖြစ်သည့်အတွက် ကျွန်တော်တို့မှာ နောင်အစဉ် အမည်ပျက်ရန်ပင်ဖြစ်ပါသည်။ သူရဲကောင်းတို့သဘောမှာ စစ်ချင်းဆိုင်လျှင် အနိုင်တိုက်ရန်ကိုသာ အရေးကြီးစွာအားထုတ်ရစမြဲဖြစ်ပါသည်။ ထိုသို့ မျှော်ထောက်စဉ်းစားမိသည်နှင့် ငါ့အရှင်မှ ငါ့အား ကွပ်လိုကကွပ်စေတော့၊ အောင်ပွဲရ၍သေခြင်းက ပို၍မြတ်သည်ဟု နှလုံးပိုက်လျက် ယိုးဒယားတို့ကို တိုက်ပါသည်။ အရှင့်အမိန့်တော်ကို လွန်ဆန်မှုကြောင့် သတ်တော်မူလိုပါလျှင်လည်း သတ်တော်မူပါ" ဟု ရဲဝံ့စွာတင်လျှောက်သည်။

        ဘုရင့်နောင်၏တင်လျှောက်ချက်ကို ကြားတော်မူလျှင် တပင်ရွှေထီးသည် အမျက်တော်ပြေကာ "ငါ့အမိန့်တော်ကိုလွန်ဆန်သည်ကား မှန်၏။ သို့သော် အရေးတော် မလစ်မလပ် စစ်ရေးလှသည့်အတွက် ငါအပြစ်တော်မတင်တော့ပြီ" ဟု မိန့်တော်မူပြီးလျှင် ပွဲအောင်သည့်အတွက် မှူးမတ်ဗိုလ်ပါအလယ်တွင် ဘုရင့်နောင်ကို ရဲဆုအဖြစ် ဆုလာဘ်များ ပေးသနားတော်မူသည်။
        ပေးတော်မူသောဆုလာဘ်များမှာ ပတ္တမြားစီသော ဦးပေါင်းသင်းကျစ်၊ ပတ္တမြားသုံးရစ်စီကွမ်းခွက်၊ ပတ္တမြားစီလက်ဖက်အိုး၊ ပတ္တမြားစီတကောင်းပုံး၊ ရွှေချက်လေးစင်း၊ ဝတ်တော်မူသော ဒုယင်တပ်သော ကတ္တီပါဝတ်လုံ၊ လက်တော်နှစ်ဘက်တွင်  ဝတ်တော်မူသော ပတ္တမြားလက်ကောက်၊ ပတ္တမြားလက်စွပ်၊ သဉ္ဇာလီကနှင့်တကွ စီးတော်မူသောဆင်တော် 'နာဂါဝရ'၊ ရွှေကနှင့်စီးတော်မူသော မြင်းတို့ဖြစ်၏။
        ဘုရင့်နောင်၏သားတော် ဇေယျသီဟကိုလည်း "သက်တော်(၁၃)နှစ်အရွယ်မျှဖြင့် ခမည်းတော်ကိုဆင်ကူ၍တိုက်သောကြောင့် သြယားလကွန်းအိမ်ကို အောင်မြင်ပေသည်" ဟူ၍ ကျေနပ်အားရတော်မူသောကြောင့် "မင်းရဲကျော်စွာ"ဘွဲ့အမည်နှင့် ရွှေကွမ်းခွက်၊ လက်ဖက်အိုး၊ တကောင်းပုံး၊ မိုးကြိုးထွေးခံ၊ ရွှေချက်တင်စင်း၊ ပေါင်းဝန်းရွှေခွက်တို့ကို ပေးတော်မူသည်။ ထို့အတူ ပွဲရသူ သူရဲကောင်းတို့ကိုလည်း  ထိုက်သင့်သလို ဆုလာဘ်နှင့်ဘွဲ့မည်များကို ပေးသနားတော်မူသည်။ ထို့နောက်ဘုရင့်နောင်ဆက်သသော ပွဲရဆင်မြင်း၊ လက်နက်နှင့်သုံ့ပန်းတို့ကို ယူတော်မူသည်။

        တပင်ရွှေထီးသည် ဆက်လက်လုပ်ဆောင်ရမည့် အရေးကိစ္စနှင့်ပတ်သက်၍ မှူးမတ်သေနာပတိတို့အား ....
        "ယခု ယိုးဒယားကချီလာသော စစ်သုံးကြောင်းကို အလိုတော်ပြည့်ပြီ။ ဆက်၍ အယုဒ္ဓယမြို့ကို ပြန်၍လုပ်ကြံတော်မူရလျှင် သင့်မည်လော။ သို့တည်းမဟုတ် ကမန်ပိုက်၊ ပိသလောက်၊ သောက်ကတဲ ယိုးဒယားမြို့များကို တိုက်၍ယူရသော် သင့်မည်လော" ဟု တိုင်ပင်တော်မူသည်။
        စစ်တောင်းစားမဟာကြီးက ...
        "ယခင် ကျွန်တော်တို့ချီလာစဉ်က ရာဇထိန်အရပ်တွင်ဆီးကြို၍တိုက်သောတပ်များကိုနိုင်သည်က တစ်ကြိမ်၊ ယခုနိုင်သည်က တစ်ကြိမ်၊ နှစ်ကြိမ်တိုင် အောင်ပွဲရလိုက်ပြီဖြစ်ပါသည်။ ယိုးဒယားဘုရင်၏ သားသမက်၊ ညီမှစ၍ သုံ့ပန်းဆင်မြင်းများကိုလည်း ကျွန်တော်တို့က ရရှိပါပြီ။ ယိုးဒယားဘုရင်မှာလည်း တိုက်ရန်မဝံ့တော့ဘဲ ကိုယ်လွတ်ရုန်းပြေးသဖြင့်သာ အရှင့်လက်တော်မှ လွတ်သွားရပါသည်။ ယိုးဒယားဘုရင်မှစ၍ အယုဒ္ဓယတစ်မြို့လုံးလဲ ထိပ်ထက်သွေးကို သောက်လတ္တံ့သကဲ့သို့ အလွန်ကြောက်ရွံ့ခြင်းပြင်းစွာ ဖြစ်နေပါပြီ။ ယခုအခါ ယိုးဒယားမြို့တိုင်အောင် ချီတော်မူ၍ လုပ်ကြံတော်မူသည် ရှိသော် အလွယ်သာရတော်မူမည်ထင်ပါသည်" ဟု နားတော်လျှောက် သည်ကို စောလကွန်းအိမ်နှင့် ရဲသင်ရံတို့ကလည်း "စစ်တောင်းစားမဟာကြီး လျှောက်သည်မှာ သင့်မြတ်လှပါသည်" ဟု သဘောစိတ်ညီ ထောက်ခံလျှောက်တင်ကြသည်။

        ပြည်မင်းသတိုးဓမ္မရာဇာကလည်း ...
        "ကျွန်တော်တို့လျှောက်သောအရေးသည် စစ်ရေးရှိသည် မှန်ပါသည်။ သို့သော် ယိုးဒယားမြို့သည် တစ်ပါးမြို့ကဲ့သို့မဟုတ်။ ချောင်းပတ်ရေဝန်းရှိနေပါသည်။ မြို့သည်လည်း ခိုင်ခံလှပြီး အမြောက်ကြီး မြတပူတို့သည်လည်း များပါသည်။ ရဲမက်ဗိုလ်ပါ ဆင်လုံး မြင်းရင်းလည်း များသည်။ မြစ်မှာလည်း ကုလားပန်းသေးတို့ သင်္ဘောနှင့်ဆီးကာ၍နေသည်။ ရှေးအထက်ကလည်း ထို့မြို့ကို တစ်ရံတစ်ဆစ်မျှ မဖျက်ဆီးဘူးလေဖြစ်သည်။ သူ့မြို့ကို အခိုင်ပြု၍ခံနေချိမ့်မည်။ မြို့ကိုအလျင်တိုက်၍ မရလျှင် တပ်တည်၍ ပြလက်ရုံးဆောက်စေ၍ ကြိုးစားအားထုတ် လုပ်ကြံတော်မူရလိမ့်မည်။ ယင်းသို့ရှိက အရေးတော်ကြာပါလိမ့်မည်။ အရေးကြာလျှင်  ရဲမက်ဗိုလ်ပါများသည်နှင့် ရိက္ခာမျိုးစေ့ ဆွံ့ရှားချိမ့်မည်။ သည်တစ်ကြိမ်မှ စစ်သည်များလည်း ပန်းပြီဖြစ်၍ နေပြည်တော်သို့ ပြန်တော်မူကာ အညာတစ်လွှား၌ရှိသော အင်းဝ၊ စစ်ကိုင်း စသောမြို့များကို ကိုယ်တော်ချီတော်မူ၍ ဦးစွာသိမ်းယူတော်မူသင့်ပါသည်။ ယင်းသို့မှ မွန်၊ မြန်မာ၊ ရှမ်း၊ လက်နက်နိုင်ငံတော်ဖြစ်မှ တစ်ကြိမ်ချီတော်မူရလျှင် ယိုးဒယားမြို့မှာ အရှင့်လက်တော်က မလွတ်နိုင်ပါပြီ" ဟု နားတော်လျှောက်၏။
       
        တစ်ဖန် နန္ဒသင်္ကြန်က ....
        "ယိုးဒယားဘုရင်မှာ ကြောက်လန့်စိုးရွံ့နေပါပြီ။ သားသမက်ညီနှင့်တကွ မှူးကောင်းမတ်ကောင်း၊ ဆင်ကောင်းမြင်းကောင်းများကို ကျွန်တော်တို့ရခဲ့ပြီဖြစ်သောကြောင့် ယိုးဒယားဘုရင် တင်းမာနိုင်တောမည်မဟုတ်ပါ။ ကျွန်တော့်အမြင်ယိုးဒယားဘုရင်မှ ချေငံသာယာစွာ နှိမ့်ချသောစကားဖြင့် နားတော်လျှောက်လာလိမ့်မည်ဟု ထင်ပါသည်။ ယခုကား စစ်ချိန်ကာလရှိသေးသည်။ သို့ပါ၍ ကမန်ပိုက်၊ သောကတဲ၊ ပိသလောက်၊ ယိုးဒယားမြို့များကို ချီတော်မူ၍ လုပ်ကြံတော်မူသင့်ပါသည်။ ယိုးဒယားဘုရင်၊ သား၊ သမက်၊ ညီတို့မျှ မခံနိုင်၍ ရှုံးလေပြီးသည်ကို ယင်းမြို့စားတို့ ခံဝံ့မည်လော။ သင်းတို့မခံဝံ့၍ မြို့ကိုရတော်မူလျှင် သင့်တင့်သော အမှူးအမတ်တို့ကို အလုံးအရင်းနှင့်အခိုင်အလုံနေစေ၍ မျိုးရိက္ခာများအောင် သည်တစ်မိုးတွင်းကို လယ်လုပ်စီမံမည်။ ကမန်ပိုက်တွင်လည်း ရိက္ခာတင်စရာ လှေပြုရမည်။ ယင်းသို့စီရင်တော်မူပြီးမှပြန်တော်မူ၍ တစ်ကြိမ်ချီတော်မူမည်ဆိုလျှင် အယုဒ္ဓယမြို့သည် အရှင့်လက်က မလွတ်နိုင်ပါပြီ" ဟု လျှောက်တင်သည်။

        ဘုရင့်နောင်သည် နန္ဒသင်္ကြန်လျှောက်တင်ချက်ကို သဘောတူကြိုက်တော်မူသည်။ ဘုရင်တပင်ရွှေထီးသည်လည်း နန္ဒသင်္ကြန်လျှောက်တင်ချက်ကို သင့်လှပေသည်ဟု မိန့်တော်မူပြီး ကမန်ပိုက်ကို သိမ်းယူရန် ချီတော်မူသည်။ ကမန်ပိုက်စားသည် မြန်မာဘုရင် တပင်ရွှေထီးကိုယ်တော်တိုင် ချီလာပြီဟု ကြားရလျှင် မြို့ကိုထားကာ အလုံးအရင်းနှင့် တောသို့ ပြေးလေသည်။
        တပင်ရွှေထီးသည် ကမန်ပိုက်ကိုရသည်နှင့် ဆက်၍ သောကတဲ၊ ပိသလောက်မြို့များကို သိမ်းယူရန် စီစဉ်တော်မူစဉ် ယိုးဒယားဘုရင်ထံမှ သာယာချေငံစွာသော လျှောက်စာ၊ လက်ဆောင်တော်များနှင့် ယိုးဒယားသံနှစ်ဦး ရောက်ရှိလာသည်။ ယိုးဒယားဘုရင် သံစေ၍ လျှောက်လာသည်က ....
       "ယိုးဒယားဘုရင် ဗြသာဓိရာဇာ သံတော်ဦးတင်ဝံ့ပါသည်။ ဘဝရှင်မင်းတရား ချီတော်မူလာသည်ကြား၍ ဆင်စီးချင်းတိုက်မှသင့်မည်ဟူသောအကြံနှင့် ဆင်မြင်းဗိုလ်ပါ ဖြည့်တင်း၍ အသင့်ကြိုနေရာ ဘုန်းကြီးသည့်အရှင်နှင့် စီးချင်းမတိုက်ဝံ့သောကြောင့် သား၊ သမက်၊ ညီများကိုသာတိုက်စေရာ မခံနိုင်ဘဲ ပျက်စီးရပြန်ပါသည်။ ဘုန်းကြီးလှသော ဘဝရှင်ဘုရားက သနားတော်မူပါသဖြင့် ကျွန်ုပ်၏ သား၊ သမက်၊ ညီတို့ကို လွှတ်တော်မူပါ။ ကျွန်ုပ်သည် အရှင့်သစ္စာတော်ကို ခံ၍ နှစ်တိုင်းနှစ်တိုင်း တိုက်ဆင်အစီးသုံးဆယ်၊ ငွေတော်ပိဿာသုံးရာနှင့်တကွ တနင်္သာရီ သင်္ဘောဆိပ်ခွန်များကို ဆက်သပါမည်။ ယခုလည်း 'ဗြတ်ကြီး' 'ဗြတ်ငယ်' မည်သော တိုက်ဆင်ကြီးနှစ်စီးကို လက်ဆောင်ဆက်သပါသည်" ဟူ၍ဖြစ်သည်။
       

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း ၈)


ရာဇဘိသိက်ပွဲသဘင်ဆင်ယင်ခြင်းနှင့် ဂေါတမယ်အား သိမ်းပိုက်ခြင်း

           သက္ကရာဇ်(၉၀၇)ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီနေပြည်တော်၌ တပင်တိုင်ပြသာဒ် ဆောက်တော်မူ၍ ကြီးစွာသောရာဇဘိသိက်သဘင်ကို ဆင်ယင်ကျင်းပတော်မူသည်။ ထိုရာဇဘိသိက်ပွဲတွင် သမိန်တပွတ်အမည်ရှိသည့် မကိုဋ်တော်ကြီးကို ဆင်ယင်တော်မူသည်။

ထိုမကိုဋ်မှာ မွန်ဘုရင်တို့ ထီးစဉ်နန်းရိုး သုံးစွဲခဲ့ကြသော မကိုဋ်မျိုးဖြစ်သည်။ ၎င်းဘိသိက်ပွဲသည် မြန်မာ့နည်းနှင့် မွန်တို့၏ နည်းတို့ကို ရောနှော၍ မွန်မြန်မာ စည်းလုံးညီညွှတ်ရေးအတွက် ဆင်ယင်ကျင်းပသော ဘိသိက်ပွဲကြီးဖြစ်လေရာ၊ လွန်စွာပင် စည်ကားလှသည်။

          ထိုဘိသိက်ပွဲတွင် ဘုရင့်နောင်၏ ခမည်းတော်ဖြစ်သည့် မင်းရဲသီဟသူကို မင်းခမ်းမင်းနား အဆောင်အယောင် စုံလင်စွာပေး၍ ကေတုမတီဘုရင်ခံအဖြစ် ထပ်မံခန့်ထားတော်မူပြီး ဘုရင့်နောင်ကိုလည်း အိမ်ရှေ့မင်းတို့၏ အစီအရင်၊ အဆောင်အရွက် အခမ်းအနားကို ပေးသနားတော်မူ၍ အိမ်ရှေ့မင်း၏ နေရာတွင်နေစေ၏။

        ထို့နောက် တစ်လအကြာတွင် ဒဂုံဆံတော်ရှင်စေတီတော် သို့ ရတနာဖောင်တော်ကိုစီး၍ စစ်အင်္ဂါလေးပါးခြံရံကာ ကြွချီဖူးမြော်တော်မူသည်။ စေတီတော်သို့ဆိုက်ရောက်လျှင် ရွှေအိုးကို ရွှေမျက်ပါးခတ်စေကာ စေတီတော်၏ ထီး၊ ချရားသီးမှစ၍ ဖိနပ်တော်သို့တိုင်အောင် ရွှေချဆက်ကပ်လှူဒါန်းတော်မူသည်။

     တပင်ရွှေထီးသည် ဟံသာဝတီနေပြည်တော်တွင် အောင်ပွဲအမျိုးမျိုးဆင်ယင်ကာ မင်းတို့၏ မွေ့လျော်ခြင်းဖြင့် စံနေတော်မူစဉ် ရုပ်ဆင်းအင်္ဂါ လက္ခဏာနှင့်ပြည့်စုံ၍ လွန်စွာ အဆင်းလှပသော ဂေါတမယ်အမည်ရှိ မိန်းမငယ်၏ သတင်းကို ကြားသိတော်မူရသောအခါ ရှေ့တော်သို့ သွင်း၍ ရှုစားလေရာ အလွန်တပ်မက်ခြင်းဖြစ်တော်မူပြီး သိမ်းပိုက်တော်မူကာ မြတ်နိုးစွာဖြင့် အပါးတော်၌ မပြတ်ခစားစေသည်။

        ဤနေရာတွင် မိန်မငယ် ဂေါတမယ်၏ အကြောင်းမှာ လွန်စွာထူးဆန်းလှသည့်အတွက် ရေးပြရန် လိုအပ်လာပါသည်။ ဟံသာဝတီ၌ 'မကျိုက်ကို' အမည်ရှိ မွန်သူကြွယ်တစ်ဦးရှိရာ ထိုသူကြွယ်က နွားပေါင်း (၅၀၀၀) ကျော်ကို မွေးမြူထားသည်။ ထိုနွားများထဲမှ နွားမကြီးတစ်ကောင်သည် ဇီး(ပဋိသန္ဓေ)ရှိလာပြီး အချိန်ကာလစေ့ရောက်၍ မွေးလာသောအခါတွင် နွားကို မမွေးဘဲ မိန်းမငယ်လေးတစ်ဦးကို ဖွားမြင်လေသည်။ ယင်းမိန်းကလေးငယ်မှာ အဆင်းပြင်လျာကောင်းခြင်းတို့၏ လက္ခဏာနှင့် ပြည့်စုံလှသဖြင့် အထိန်းတို့က သူကြွယ်ထံ ပို့ဆောင်ကြရာ သူကြွယ်မှာ ကလေးငယ်ကို တွေ့ရသည်နှင့် တပြိုင်နက် ရှေးရေစက်အကြောင်းရင်းပါသောကြောင့် သမီးအဖြစ်ကောက်ယူမွေးစားသည်။

        ကလေးငယ်မှာ ချမ်းသာစွာဖြင့် ကြီးပြင်းလာရာ အရွယ်ရောက်လာသောအခါ ရုပ်ရည်ရူပကာဆင်းသွင် လွန်စွာလှပသဖြင့် နေပြည်တော်တွင် ကျော်စောထင်ရှားလေသည်။ ဤကား မဟာရာဇဝင်ကြီးနှင့် မှန်နန်းရာဇဝင်ပါ အဆိုအတိုင်း ပြဆိုခြင်းဖြစ်သည်။

     တပင်ရွှေထီးသည် ဂေါတမယ်ကို သိမ်းပိုက်တော်မူပြီးသောအခါ အထူးအလိုလိုက်ကာ အလွန်မြတ်နိုးစွာဖြင့် ကြင်နာယုယတော်မူသည်။ ဂေါတမယ်မှာ မွန်တို့၏လက်တွင် ကြီးပြင်းလာခဲ့ရသူဖြစ်သဖြင့် မွန်တို့၏ ရိုးရာဓလေ့ထုံးစံတို့ကို များစွာနှစ်သက်ပြီး မွန်ဆင်ယင်ထုံးဖွဲ့မှုကိုလည်း လိုလားသူဖြစ်သည်။ ထို့ကြောင့် တပင်ရွှေထီးအား မွန်မင်းတို့၏ တန်ဆာကိုဆင်ယင်ကာ မွန်ဆံဖြတ်ရန် တိုက်တွန်းသဖြင့် တပင်ရွှေထီးသည် မွန်ဆံကို ဖြတ်တော်မူ၏။

 ရခိုင်သို့ ချီတော်မူခြင်း

သက္ကရာဇ် (၉၀၇) ခုနှစ်တွင် ရခိုင်ပြည်၌ ရခိုင်ဘုရင် မင်းပါကြီး နတ်ရွာစံလေရာ သားတော်မဟာဥပရာဇာက ထီးနန်းကို ဆက်ခံသည်။  ထိုအခါ ရခိုင်ဘုရင်မင်းပါကြီး၏ ညီတော်ဖြစ်သည့် သံတွဲမြို့စား မင်းအောင်လှသည် တူတော်ဘုရင်နှင့် စိတ်မသင့်ဖြစ်ပြီး ရန်စစ်ပွားလေသည်။

သံတွဲမြို့စားမှာ အင်အားနည်းပါးပြီး တူတော်ဘုရင်ကို တုပြိုင်ရန်မစွမ်းသဖြင့် တပင်ရွှေထီးထံသို့ လက်ဆောင်ပဏ္ဏာများဆက်သကာ အမတ်နှစ်ယောက်ကိုစေ၍ စစ်ကူတော်မူပါမည့် အကြောင်း လျှောက်ထားသည်။
     တပင်ရွှေထီးသည် သံတွဲမြို့စား၏ လျှောက်ထားတောင်းပန်ချက်ကို လက်ခံကာ ကြည်းတပ်(၄)တပ် ဖွဲ့ပြီးလျှင် တိုက်ဆင် (၁၀၀)၊ စစ်မြင်း (၁၀၀၀)၊ စစ်သည် (၄၀၀၀၀)ကို  သံတွဲသို့ လျင်မြန်စွာစေလွှတ်တော်မူသည်။ ထို့နောက်တွင် ဘုရင့်နောင်ကို ရခိုင်သို့ချီရန်အတွက် ကြည်းတပ် ရေတပ်ကို စုံလင်စွာ စီစဉ်စေသည်။

     ရေကြောင်းချီစစ်တပ်တွင် တပ်ပေါင်း (၁၅)တပ် ပါဝင်ပြီး တိုက်လှေကြီး (၈၀၀)၊ လှော်ကားသံလှေ (၅၀၀)၊ ရိက္ခာတင်လှေကြီး (၁၀၀)၊ စစ်သည် (၃၅၀၀၀) ဖြင့် ဖွဲ့စည်းသည်။ ထိုရေတပ်တော်ကြီးတွင် ဘုံဆယ့်တစ်ဆင့်ရှိသော ရတနာရွှေဖောင်တော်ကိုစီး၍ ဘုရင်တပင်ရွှေထီးကိုယ်တိုင် ချီတော်မူသည်။
     ကြည်းကြောင်းချီတပ်တွင် တပ်ပေါင်း(၁၅)တပ် ပါဝင်သည်။ တိုက်ဆင်(၆၀၀)၊ စစ်မြင်း(၄၀၀၀)၊ စစ်သည်(၄၀၀၀၀) ပါရှိပြီး ဘုရင့်နောင်က ဦးစီးပြီးချီသည်။ ရခိုင်သို့ချီသည့် သက္ကရာဇ်မှာ (၉၀၈)ခု၊ တန်ခူးလဆန်း (၄)ရက်နေ့ဖြစ်သည်။

     သံတွဲကိုစီး၍နေသော ရခိုင်ဘုရင်သည် တပင်ရွှေထီး၏ ကြည်းကြောင်း ချီတပ်နှင့် ရေကြောင်း ချီတပ်များ ချီလာပြီကို ကြားရလျှင် ရခိုင်လှေတပ်များကို မော်တင်စွန်းမှနေလျက် ဆီးကြိုကာ တိုက်စေ၏။ ထိုသို့တိုက်ရာ ရှေ့ဆုံးမှ ချီသော ဟံသာဝတီ လှေတပ်များ ရှုံးပြီး ပုသိမ်မြို့စား၊ မြောင်းမြမြို့စားနှင့် ရေတပ်ဗိုလ်မှူး နှစ်ယောက်ကို ရခိုင်တို့က ဖမ်းဆီးရရှိသည်။

     ထို့နောက် မြန်မာလှေတပ်များ အစုံအညီရောက်ရှိလာပြီး အပြင်းအထန်တိုက်ခိုက်ကြသည်တွင် ရခိုင်လှေတပ်ပျက်ကာ သံတွဲသို့တိုင်အောင် ဆုတ်ပြေးကြရသည်။ ဟံသာဝတီလှေတပ်က ရခိုင်တို့၏ လှေပေါင်းများစွာနှင့် ရခိုင်ရေတပ်စစ်သည်များစွာတို့ကို ရရှိလိုက်သည်။

     ရခိုင်ဘုရင်သည် ရခိုင်လှေတပ်ရှုံး၍ ပြန်လာသည်ကို ကြားသိရလျှင် အပြစ်တော်တင်လျက် ...
"ယခု ငါတို့က ကြည်းတပ် ရေတပ် အစုံအညီဖြင့် တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်" ဟု မိန့်တော်မူပြီးလျှင် သံတွဲမှခုခံရန် ရေအား ကြည်းအားကို စုရုံး၍နေပြန်၏။
     ထိုစဉ် ဘုရင့်နောင်၏ ကြည်းကြောင်းချီတပ်ကြီးက သံတွဲအနီးသို့ ရောက်ရှိလာသည်။ ထို့အတူ တပင်ရွှေထီး၏ ရေကြောင်းချီတပ်ကြီးကလည်း ဘုရင့်နောင်၏တပ်များနှင့် မရှေးမနှောင်း ဆိုက်ရောက်လာလေရာ ကြီးမားလှသော မြန်မာတို့၏ ကြည်းတပ်၊ ရေတပ်ကို မြင်ကာ ရခိုင်ဘုရင်မှာ လွန်စွာထိတ်လန့်ခြင်းဖြစ်ရပြီး "ငါတို့သံတွဲမြို့ကို မြန်မာရေတပ်၊ ကြည်းတပ်၊ နှစ်ဘက်ညှပ်မိလျှင် ငါတို့ အထွက်ရခက်လိမ့်မည်။ အမြန်ဆုတ်မှ သင့်ချေမည်" ဟု မိန့်တော်မူကာ သံတွဲမှ မြို့ဟောင်းသို့တိုင်အောင် အလျင်အမြန် ဆုတ်ခွာသည်။
     ထို့ကြောင့် တပင်ရွှေထီးသည် သံတွဲကို အလွယ်တကူ သိမ်းယူတော်မူပြီး ရေတပ်၊ ကြည်းတပ် အစုံအညီနှင့် သံတွဲမြို့မှာပင် တပ်စခန်းချရပ်၍ နေတော်မူ၏။
      ထို့နောက် သံတွဲတွင် သံတွဲမြို့စားမင်းအောင်လှနှင့် သံလျင်မြို့စား နန္ဒကျော်ထင်တို့ကို မြို့စောင့်ထားခဲ့ကာ ရခိုင်ဘုရင်ရှိရာ မြို့ဟောင်းသို့ ဆက်လက်ချီတက်သည်။ ထိုသို့ချီရာတွင် မြို့ဟောင်းသို့မရောက်မီ (၂)စခန်းအလိုတွင် ရခိုင်တပ်များမှ ဆီးကြို၍ တိုက်ခိုက်ရာ စစ်ပွဲမှာ ပြင်းထန်သည်။

     နှစ်ဖက်တပ်များ ရေတပ် ရေတပ်ချင်း၊ ကြည်းတပ် ကြည်းတပ်ချင်း အကြောက်အရွံ့မရှိ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသည်။ ဤစစ်ပွဲတွင် ရခိုင်တပ်က စိန်ပြောင်းမြတပူတို့ကို အပြင်းပစ်လွှတ်ရာ ဟံသာဝတီတပ်မှူးတစ်ဦးဖြစ်သည့် လင်းပတေ့စား သရေစည်သူမှာ ကျည်သင့်၍ ကျဆုံးရသည်။
     ဟံသာဝတီတပ်များက ဆက်လက်၍ အပြင်းတိုက်ရာတွင် ရခိုင်တပ်များ မခံနိုင်ဖြစ်ကာ ရခိုင်ကြည်းတပ်ပျက်ပြီး ရခိုင်ရေတပ်များလည်း မြို့ဟောင်းသို့ ပြန်ဆုတ်ရသည်။ ထိုစစ်ပွဲတွင် ဟံသာဝတီတပ်က ဆင်၊ မြင်း၊ လက်နက်များနှင့် သုံ့ပန်းများစွာကို ရရှိလိုက်သည်။

     ဟံသာဝတီတပ်များသည် မြို့ဟောင်းသို့ချီကာ မြို့တော်ကို ဝိုင်းရံထားသည်။ မြို့တော်မှာ တောင်ထိပ်တွင်တည်ရှိပြီး မြို့ရိုးကို အခိုင်အခံ့ တည်ဆောက်ထားသည်။ ကျုံးမြောင်းကျယ်၍ လက်နက်တို့က ထူထပ်သည်။ ဟံသာဝတီတပ်များက မြို့ကို အတင်းတက်သော်လည်း မရရှိ။ ဘုရင့်နောင်က ရံတပ်တွင် သစ်မြို့စိုက်စေကာ ပြလက်ရန်းဆောက်စေပြီး ထိုနေရာမှနေ၍ မြို့တွင်းသို့ အမြောက်စိန်ပြောင်းတို့ကို နေ့စဉ်ရက်ဆက် ပစ်လွှတ်စေသည်။
     ထိုအခါ ရခိုင်မင်းမှာ စိုးရွံ့လာပြီး လက်ဆောင်ပဏ္ဏာများဖြင့် အမတ်နှစ်ယောက်ကို တပင်ရွှေထီးထံ စေလွှတ်သည်။ တပင်ရွှေထီးက ...
"သံတွဲစားကို ငါစောင်မ၍ ရခိုင်ပြည်မှာ နန်းတင်မည်ဟု အမိန့်ရှိပြီးဖြစ်သည်။ အရေးမပေးသာသေး။ ရခိုင်ပြည်အလုံးကို လက်ရသိမ်းကျုံးတော်မူရမှ ယခုအရေးပြီးလိမ့်မည်" ဟု မိန့်တော်မူပြီး၊ အမတ်နှစ်ယောက်အား မိမိတပ်တော်၏ စစ်သည်ဗိုလ်ပါအင်အားကို ကြည့်ရှုစေကာ ပြန်လွှတ်သည်။

     ရခိုင်ဘုရင်သည် ဟံသာဝတီတပ်တို့၏ အင်အားကြီးမားကြောင်း သိရှိလျှင် ပို၍စိုးရိမ်လာကာ ရခိုင်ဆရာတော်လေးပါးကို နန်းတော်သို့ပင့်၍ စစ်ရေးပြီးပြေရန် ဆောင်ရွက်ပေးပါမည့် အကြောင်း လျှောက်ထားပြီး၊ လူတစ်ထောင်ကျော် သယ်ဆောင်ရသော လက်ဆောင်ပဏ္ဏာတော်များစွာနှင့် တပင်ရွှေထီးထံ စေလွှတ်လိုက်ပြန်သည်။
     တပင်ရွှေထီးသည် ကြွရောက်လာသော ရခိုင်ဆရာတော်များအား အကြောင်းကိစ္စကို မေးမြန်းရာ ဆရာတော်များက "ငါတို့မှာ တကာတော်အားပြောကြားရန် အကြောင်း (၅)ချက် ရှိသည့်အတွက် လာခဲ့ရခြင်းဖြစ်သည်" ဟု မိန့်ကြားသည်။
   
      တပင်ရွှေထီးက ထိုအကြောင်း (၅)ချက်ကို မေးလျှောက်ရာတွင် ဆရာတော်များက "တစ်အချက်မှာ ခမည်းတော်နတ်ရွာစံလျှင် သားတော်သည် နန်းမွေကို ဆက်ခံမြဲဖြစ်သည်။ ယခု ညီတော်သံတွဲစားကို နန်းတင်မည်ဆိုပါက ထုံးစံဖျက်ခြင်းမည်လိမ့်မည်။ နှစ်အချက်မှာ ရခိုင်ပြည်ကြီးသည် စစ်သည်ဗိုလ်ပါ အင်အားများသည်၊ အလွယ်တကူလုပ်ကြံ၍ အောင်မြင်မည် မဟုတ်။ ရက်ကြာရှည်လျှင် ရခိုင်ဘုရင်နှင့် မြုံဘုရင်သည် သမီးယောက်ဖဖြစ်၍ မြုံဘုရင် အလုံးအရင်းနှင့် ချီတက်လာပါလျှင် တကာတော် စစ်နှစ်ဖက်ညှပ်၍ မနေပါလော။ သုံးအချက်မှာ တကာတော်မှာ ဘုန်းကြီးသောမင်းဖြစ်၍ အပြည်ပြည်ကို ရသည်မှာ မကြာသေးချေ။ အကယ်၍ တကာတော်မင်းမြတ် ရခိုင်သို့ချီကြောင်းကြားလျှင် ရှမ်းတို့က တကာတော်၏ နေပြည်တော်ကို ထိပါးနှောက်ယှက်လာချေက တကာတော်အနေဖြင့် ရုတ်တရက်ပြန်ရောက်ရန် ခဲယဉ်းမည် မဟုတ်ပါလော။ လေးအချက်မှာ ရခိုင်ပြည်သည် ဝါဆိုဝါခေါင်ရောက်လျှင် လမ်းခရီးတို့သည် ရေလေပြင်းထန်သဖြင့် တကာတော်ပြန်ရန် ခဲယဉ်းလိမ့်မည်။ ထို့အတွက် တကာတော်အနေဖြင့် စဉ်းစားရန်မသင့်ပါလော။ ငါးအချက်မှာ သံတွဲမြို့စား၏ ဆင်၊ မြင်း၊ သူရဲတို့အား ရခိုင်ဘုရင် သိမ်းယူထားသည်ကို ပြန်လည်ပေးအပ်ပြီး၊ သင့်တင့်ညီညွှတ်စွာနေစေလျှင် တကာတော် အကြောင်းကိစ္စပေါ်ပေါက်လာပါက တူဝရီးတို့မှ အမှုတော်ကို ကြိုးပမ်းထမ်းရွက်မည် မဟုတ်ပါလော။ ဤအရေးငါးချက်ကိုမြင်၍ လာရခြင်းဖြစ်ပေသည်" ဟု မိန့်ဆိုကြလေ၏။

      တပင်ရွှေထီးသည် ရခိုင်ဆရာတော်လေးပါး အရေးတောင်းလာခြင်းကိစ္စနှင့်ပတ်သက်၍ မှူးတော်မတ်တော်များကိုခေါ်၍ တိုင်ပင်လေရာ မှူးတော်မတ်တော်များက မိမိတို့ထင်မြင်ချက်ကို အသီးသီးလျှောက်တင်ကြသည်။ ဘုရင့်နောင်က ...
"ရခိုင်ဘုရင်၏ဆရာတော်များ အရေးတောင်းသည်ကို ကျွန်တော်မျိုးတို့က အလွယ်တကူအရေးပေးချေသော် ငါကိုယ်တော် မ၍ သူကောင်းပြုမည်ဟူသော အမိန့်တော်မပျက်ချေပြီလော။ ယခုလည်း လုပ်ရည်ကြံရည်ကိုမြင်၍ ကြောက်ရွံ့သောကြောင့် အရေးတော်တောင်းလာခြင်းဖြစ်ပါသည်။ သို့သော် ရခိုင်ဘုရင်၏ညီတော် စည်းစိမ်ချမ်းသာမပျက် ရှိမည်နှင့် သားဘထွေးနှစ်ဦးမှ အမှုတော်ကို ထမ်းရွက်မည် လျှောက်သောစကားသာဖြစ်သည်။ သို့ဖြစ်သောကြောင့် ဆင်ကောင်း၊ မြင်းကောင်းတို့ကို အလျင်ထွက်လာစေ၍ ရခိုင်ဘုရင်ညီကို အပ်တော်မူပြီးလျှင် မင်းဆောင်မင်းယောင် အစီးအနင်းနှင့်တကွ သံတွဲစသော တောင်စဉ်ခုနှစ်ခရိုင် တို့ကို ပေးတော်မူရမည်။ ယင်းသို့သနားတော်မူသည်ဖြစ်မှ ငါကိုယ်တော် မ၍ သူကောင်းပြုမည်အမိန့်တော်ရှိသည့်အတိုင်း တည်စိမ့်မည်ဖြစ်ပါသည်" ဟု လျှောက်ကြားသည်။

      တပင်ရွှေထီးသည် ဘုရင့်နောင်လျှောက်ကြားချက်ကို နှစ်သက်သည်ဖြစ်၍ အရေးတော်ကို ဆိုင်းငံ့ထားလိုက်သည်။ နောက်သုံးရက်ခန့်ကြာသောအခါ တပင်ရွှေထီးထံသို့ ရခိုင်ဘုရင် ဆရာတော်လေးပါး ကြွလာတော်မူပြန်သည်။ တပင်ရွှေထီးက ရခိုင်ဆရာတော်များအား ...
"သားဘထွေးနှစ်ဦး အမှုတော်ကိုထမ်းမည်ဆိုလျှင် ရခိုင်ဘုရင်၏ စည်းစိမ်ချမ်းသာကို မဖျက်ပြီ။ ယင်းသို့မှန်ပါလျှင် ရခိုင်မြို့တွင်ရှိသော ဆင်ကောင်းနှစ်စီးနှင့် ရခိုင်သို့ရောက်လေသော မွန်၊ ဗမာ၊ ရှမ်း၊ ကျွန်တော်မျိုးတို့ကို စစ်ကြော၍ ကုန်စင်အောင် ဆက်လာစေပါ။ ထို့နောက် ဘုရင့်ညီတော် သံတွဲစား၏ ကျေးကျွန်၊ ဆင်မြင်း၊ ဥစ္စာရွှေငွေတို့ကို မကျန်ရအောင် ဆက်လာစေပါ။ ရခိုင်ဘုရင်ညီကိုလည်း သံတွဲနှင့်တကွ ငါပေးတော်မူမည်" ဟု မိန့်တော်မူသည်။

      ဆရာတော်ပြန်ကြွလာ၍ တပင်ရွှေထီး၏ သဘောထားကို ရခိုင်ဘုရင် ကြားရသောအခါ လက်ခံသည့်အတွက် တပင်ရွှေထီး ဟံသာဝတီကို တိုက်စဉ်က ရခိုင်သို့ ပြေးဝင်ခိုလှုံခဲ့ကြသော မွန်အမတ် ပြတ္ထပနှင့် သမိန်စည်သူ၊ မွန်၊ ဗမာ၊ ရှမ်း (၅၀၀၀)ကျော်၊ ဆင်ကောင်း(၂)စီးနှင့် လက်ဆောင်ပဏ္ဏာတော်များကို တပင်ရွှေထီးထံ ဆက်သစေသည်။ သံတွဲမြို့စား၏ ဆင်၊ မြင်း၊ ကျေးကျွန်များကိုလည်း ဆက်သသည်။ တပင်ရွှေထီးကလည်း စစ်ပွဲတွင်ရရှိထားသော ရခိုင်စစ်သည်အားလုံးကို ရခိုင်ဘုရင်ထံပြန်ပေးသည်။ ဘုရင့်နောင်ကိုလည်း ရခိုင်မြို့တော်တွင်းသို့ ဝင်စေကာ ရခိုင်ဘုရင့်နန်းတော်တွင် အမိန့်တော်ကို ပြန်စေသည်။
      အမိန့်တော်မှာ ဤသို့ဖြစ်သည်။
"ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ရေမြေ့သခင် ဘဝရှင်မင်းတရား အမိန့်တော်ရှိသည်။ ရခိုင်တွင် အစဉ် အဘ မရှိလျှင် သားမင်းပြုသည့်ထုံးစံရှိသည်။ သို့ရှိသည့်ထုံးစံကို ငါဖျက်တော်မမူပြီ။ ရခိုင်ဘုရင် ဘထွေးသံတွဲစားကို မင်းမြှောက်တန်ဆာငါးပါးနှင့်တကွ  တောင်စဉ်ခုနှစ်ခရိုင် ကို ပေးတော်မူသည်။ နောက်နောင်အမှုတော်တောင်းလျှင် သားဘထွေးနှစ်ဦးတို့ ငါ့အမှုတော်ကို ကြိုးစားအားထုတ်ထမ်းရွက်ကြရမည်။ သားဘထွေးနှစ်ဦးတွင် အမှုအခင်းထွက်လျှင်လည်း ငါ မစတော်မူမည်။ သားဘထွေးနှစ်ဦးတို့ ကြည်သာစွာ ပြည်ရွာသာယာစေအပ်သော အပရိဟာနိယတရားခုနှစ်ပါးကို နှလုံးသွင်း၍ မင်းကျင့်တရားဆယ်ပါးနှင့်ညီစွာ မင်းပြုကုန်ဟု အမိန့်တော်ရှိလိုက်သည်"

       ရခိုင်ဘုရင်ကလည်း တပင်ရွှေထီး၏ အမိန့်တော်ပြန်တမ်းကို ကြားနာပြီးနောက် အမိန့်တော်အတိုင်း တည်ကြည်စွာ လိုက်နာကျင့်ဆောင်မှုပြုပါမည်ဟု ကတိပေးလျှောက်ထားသည်။ ရခိုင်ဘုရင်က ဘုရင့်နောင်အား ဦးရီးတော်ဟုခေါ်၍ ဘုရင့်နောင်ကလည်း ရခိုင်ဘုရင်ကို တူတော်ဟု ခေါ်ဝေါ်သုံးနှုန်းသည်။ ရခိုင်ဘုရင်သည် ဘုရင့်နောင်အား ဆင်ပေါက် (၂)စီး၊ မြင်း (၂)စီး၊ ပုဆိုး၊ ခါသာ၊ အုပ်မျိုးထည်မျိုး၊ ရွှေ(၂)ပိဿာ၊ ငွေ(၂၅)ပိဿာကို ဆက်သပြီးလျှင် "နောင်တွင် ဦးရီးတော် မင်းဖြစ်တော်မူပါလျှင် တူတော်မောင်ကို မစပါ၊ ဦးရီးတော်တွင် အမှုအခင်း ရှိလာပါလျှင်လည်း တူတော်မောင်မှ ကူညီပါမည်" ဟု ဆိုသည်။

       ထို့ကြောင့်ပင် တပင်ရွှေထီး နတ်ရွာစံတော်မူပြီးသည့်နောက် ဘုရင့်နောင် မင်းအဖြစ်သို့ ရောက်တော်မူသည့်အခါ လက်ရုံးတော်ကိုချဲ့ရာ၌ အင်းဝ၊ ယိုးဒယား၊ ဇင်းမယ်၊ မဏိပူရ စသည့် နိုင်ငံအားလုံးကို သိမ်းယူတော်မူခဲ့သော်လည်း ရခိုင်ကိုကား သိမ်းယူခြင်းမပြုပဲ ချန်လှပ်ထားခဲ့သည်။ ထိုသို့ ရခိုင်ကို သိမ်းယူနိုင်ပါလျက် မသိမ်းခဲ့ခြင်းအကြောင်းကို မဟာရာဇဝင်ကြီး (ဒု-၂၂၁)တွင် ဤသို့ပြဆိုထားခဲ့၏။

      ရခိုင်ဘုရင်က ဤသို့ဆိုသည်။ "နောင်တော် ဦးရီးတော် မင်းဖြစ်တော်မူလျှင် တူတော်ကို မစပါ။ ဦးရီးတော်တွင် အမှုအခင်းရှိလျှင်လည်း တူတော် ကူညီပါမည်ဟုဆိုလျှင် ဘုရင့်နောင်ကလည်း အချက်အတိုင်းမှန်စေတော့ဟူ၍ မိန့်တော်မူသည်။ သို့ကြောင့်ပင် ဘုရင့်နောင် မင်းဖြစ်တော်မူလျှင် ရခိုင်ကို လုပ်ကြံတော်မမူ"
        ရခိုင်ဘုရင်သည် မြန်မာဘုရင် တပင်ရွှေထီးထံသို့လည်း မြင်းကောင်း(၂)စီး၊ ကတ္တီပါ၊ မည်သရီ ထည်မျိုးလိပ်မျိုး၊ အမွှေးနံ့သာ၊ ဘယဆေးမျိုးပေါင်းများစွာအား လူ(၁၀၀၀)ကျော်ကို ကိုင်စေ၍ ပို့ဆက်သည်။ တပင်ရွှေထီးကလည်း ရခိုင်ဘုရင် အလိုရှိသည့်အတိုင်း ရခိုင်ဘုရင်အား ဇလာကပင်လှေတော်ကြီး (၂)စင်းကို ပေးသည်။

      ထို့နောက် သက္ကရာဇ်(၉၀၈)ခု၊ တပို့တွဲလဆန်း(၁၂)ရက်နေ့တွင် တပင်ရွှေထီးသည် တပ်တော်များနှင့်အတူ ဟံသာဝတီသို့ ပြန်လည်ချီတော်မူသည်။ သံတွဲသို့ရောက်လျှင် သံတွဲစားအား ကျေးကျွန်၊ ဆင်၊ မြင်းများ အပ်ကား တောင်စဉ်ခုနှစ်ခရိုင်ကို ပေးတော်မူသည်။ သို့ဖြင့် တပင်ရွှေထီးသည် သက္ကရာဇ် (၉၀၈)ခု၊ တန်ခူးလဆန်း(၅)ရက်နေ့တွင် ဟံသာဝတီနေပြည်တော်ကို ရောက်ရှိတော်မူသည်။

    ယိုးဒယားမှ ကျူးကျော်ထိပါးလာခြင်း

  တပင်ရွှေထီး ရခိုင်သို့ ရေကြောင်း၊ ကြည်းကြောင်းဖြင့်ချီစဉ်တွင် ယိုးဒယားဘုရင် ဗြသာဓိရာဇာ (မဟာချက္ကရဖတ်)သည် မြန်မာပိုင် ထားဝယ်နှင့်ရေးတို့ကို ရန်စကျူးကျော်ရန် စီစဉ်သည်။  မကြာမီ သမိန်ကန်ပူရီနှင့် သမိန်တဒေါကအမည်ရှိ စစ်မှူးနှစ်ဦးကို တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၁၀၀၀)၊ စစ်သည်(၆၀၀၀၀)ဖြင့် ထားဝယ်ကို လုပ်ကြံရန်စေလွှတ်သည်။ ထားဝယ်မြို့စားသည် ယိုးဒယားတပ်၏ ကြီးမားလှသည့်အင်အားကို မခံနိုင်သဖြင့် ရေးသို့ ဆုတ်ခွာခဲ့ကာတပ်ပေါင်းပြီး ကြံ့ကြံ့ခံသည်။ ထိုအကြောင်းကို မော်လမြိုင်မြို့စား ဗညားဦးက ဟံသာဝတီသို့ သံတော်ဦးတင်လွှာပို့ဆက်သည်။

 ယိုးဒယားတို့မှ မြန်မာပိုင်နယ်ကို ရန်စကျူးကျော်လာသည့်အကြောင်း တပင်ရွှေထီး ကြားသိတော်မူလျှင် မှူးမတ်သေနာပတိတို့ကို ခေါ်ယူတော်မူပြီးလျှင် . . .
       ''ယိုးဒယားဘုရင်သည် ငါ့ကို စတင်ထိပါးလာပြီ။ သို့အတွက် ခြင်္သေ့၏ရွှေဂူအနီးသို့ ယုန်သူငယ်လာရောက်သလို ဖြစ်ရှာတော့မည်။ ယခုအခါ ရခိုင်မှ ပြန်လည်၍ရောက်စအချိန်ဖြစ်၍ ငါကိုယ်တော်တိုင်ချီတက်ရန် အရေးမဟုတ်သေး။ မုတ္တမမြို့စား စောလကွန်းအိမ်က ရေတပ်ကို အုပ်ချုပ်လျက် ထားဝယ်သို့ ချီတက်စေ၊ နောင်မကြာမီတွင် ငါကိုယ်တော်တိုင် ချီတော်မူပြီး၊ ငါ့နိုင်ငံကို ရန်စထိပါးလာသော ယိုးဒယားကို သိမ်းယူတော်မူမည်" ဟု အမိန့်တော်ရှိသည်။
        အမိန့်တော်အတိုင်း ရေတပ်၌ တိုက်လှေကြီး(၁၀၀)၊ တိုက်လှေငယ်(၃၀၀)၊ စစ်သည်(၄၀၀၀၀) ပါဝင်လျက် မုတ္တမမြို့စား စောလကွန်းအိမ် ဦးစီးကာချီတက်သည်။
       ကြည်းတပ်၌ တပ်ပေါင်း(၈)တပ်၊ တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၂၀၀၀)၊ စစ်သည်(၈၀၀၀၀) ဖြင့် မော်လမြိုင်မြို့စား ဗညားဦးမှ အုပ်ချုပ်ကာချီတက်သည်။ မြန်မာဘုရင် တပင်ရွှေထီး၏ ဟံသာဝတီတပ်တော်များ ရေတပ်၊ ကြည်းတပ် နှစ်ဖက်ညှပ်၍ အားကြီးအင်ကြီးဖြင့် ချီလာပြီကို ယိုးဒယားတို့ကြားလျှင် ထားဝယ်မှခံရန် မဝံ့သည်နှင့် ထားဝယ်မှခွာကာ တနင်္သာရီမြို့မှ ရပ်တန့်ကာ ခုခံကြလေသည်။

       မြန်မာတို့သည် ထားဝယ်သို့ရောက်လျှင် ယိုးဒယားတို့နှင့်တိုက်ခိုက်ရခြင်းမရှိဘဲ ထားဝယ်ကို အလွယ်တကူပင် သိမ်းယူရရှိလိုက်ကြသည်။ ဆက်၍ ယိုးဒယားတို့ရှိရာ တနင်္သာရီသို့ချီရာ တောင်ပပုံတွင်နေသော သမိန်ကံပူရီသည် ဆင်၊ မြင်း အလုံးအရင်းနှင့် မြို့ကထွက်၍ ခုခံလာသည်။ ထိုစဉ် ရေးမြို့စား မင်းရဲသင်္ခယာက ဆင်စီး၍ သမိန်ကံပူရီကို တိုက်သည်။ အတန်ကြာတိုက်ကြလျှင် သမိန်ကံပူရီ စီးသောဆင် မျက်နှာသုန်၍ ပြေးလေ၏။

       ဤတွင် မင်းရဲသင်္ခယာက နောက်မှအတင်းလိုက်၍ တိုက်ပြန်သည်။ မီလျှင် မင်းရဲသင်္ခယာက လှံနှင့်ထိုးရာ သမိန်ကံပူရီကို လှံထိ၍ဒဏ်ရာရသည်။ စီးသောဆင်ကိုလည်း လှံချက်များကျသဖြင့် ဟောင်ဟောင်ကျည်ကျည်မြည်၍ ပြေးသည်။ သမိန်ကံပူရီသည် ဆင်မှသည် မြင်းစီး၍ ပြေးလေသောကြောင့် လွတ်လေ၏။ စီးသည့်ဆင်ကိုမူရရှိလိုက်သည်။

       ထို့အတူ ယိုးဒယားအမတ် အောက်ဗြလကွန်းအိမ်မာမှ ဆင်နှင့်ခံလာသည်ကို တပင်ရွှေထီး၏ကျွန် သမိန်သံလိုက်က ဆင်ကို ချွန်းဖွင့်၍တိုက်သည်။  သမိန်သံလိုက်စီးသောဆင် မုန်နှင့်ဖြစ်၍ မုန်နံ့ကိုရလျှင် အောက်ဗြလကွန်းအိမ်မာဆင် မျက်နှာသုန်၍ ပြေးသည်။ ထပ်ချပ်မကွာလိုက်၍တိုက်ရာ အောက်ဗြလကွန်းအိမ်မာကို ရသည်။ ယိုးဒယားတပ်တို့လည်း ဟံသာဝတီတပ်များနှင့် မယှဉ်နိုင်ဘဲ တပ်ပျက်ကာ တပ်ပျက်ကာပြေးကြရ၏။ ထိုစစ်ပွဲတွင် မြန်မာတို့က ဆင်၊ မြင်း၊ သုံ့ပန်း အများအပြားရရှိလိုက်သည်။ ဘုရင်တပင်ရွှေထီးက တပ်များကို ပြန်လည်ခေါ်ယူသဖြင့် ဟံသာဝတီသို့ ပြန်ကြရသည်။ ဟံသာဝတီသို့ရောက်လျှင် ယိုဒယားတို့ကို အောင်မြင်သည့်အတွက် တပင်ရွှေထီးက အောင်ပွဲရသူများကို မြို့စား၊ ရွာစားမှစ၍ ဘွဲ့မည်ထူးများကို သနားတော်မူသည်။

       
မြန်မာနှင့်ယိုးဒယားတို့၏တိုက်ပွဲ

        တနေ့တွင် တပင်ရွှေထီးသည် မှူးမတ်သေနာပတိအပေါင်းတို့ကို ခေါ်ယူတော်မူပြီးလျှင် ယိုးဒယားကို ချီတက်တိုက်ခိုက်ရန်အတွက် တိုင်ပင်တော်မူသည်။
        တပင်ရွှေထီးက ...
        "ယိုဒယားဘုရင် ဗြသာဓိရာဇာသည် ငါ၏နိုင်ငံတော်အစွန်အဖျားကို စတင်၍ထိပါးလာပြီ။ ငါ၏ဘုန်းတော်ကြောင့်သာလျှင် ယိုးဒယားများကို နိုင်နင်းသည်။ ယခုအတိုင်း ငြိမ်ခံနေပါလျှင် နောင်တစ်ဖန် ထပ်မံ၍ ယိုဒယားများထိပါးလာမည့်အရေးကို မြင်တော်မူမိသည်။ သို့ဖြစ်၍ ယိုးဒယားပြည်ကို ရွှေလက်တော်ရောက် သိမ်းပိုက်မှသင့်မည်မဟုတ်လော" ဟု မိန့်တော်မူရာ မှူးမတ်တို့က
        "သိမ်းပိုက်ရန် သင့်မြတ်လှပါသည်။ ယိုးဒယားပြည်သည် အရှင်စိုးပိုင်တော်မူသော နိုင်ငံတော်နှင့် ရေမြေတစ်စပ်တည်းရှိ၍နေသောကြောင့် ချီတော်မူရန်လည်း ခဲံယဉ်းမည်မဟုတ်ပါ။ တောအထပ်ထပ် တောင်အထပ်ထပ် ပိတ်ဆီးနေပါသော်လည်း အင်ကြီးအားကြီးနှင့် ချီတော်မူပါလျှင် အရေးထားလောက်မည်မဟုတ်ပါ" ဟု လျှောက်တင်ကြသည်။

   ဘုရင့်နောင်ကလည်း ...
        "ရှေးမြန်မာရာဇဝင်အစဉ်အဆက်များမှာလည်း ယိုးဒယားသို့ မြန်မာမင်းတို့ကိုယ်တော်တိုင် ချီတက်တိုက်ခိုက်ခဲ့သည်ဟူ၍ မကြားဘူးပါ။ မြန်မာနိုင်ငံ၏ အောင်လံအောက်သို့ ယိုးဒယားနိုင်ငံ ရောက်ဖူးသည်ဟု မကြားဘူးပါ။ ယခုအခါ ရွှေဘုန်းတော်ထူးချွန်၍ သာလွန်သော ဧကရာဇ်ဘုရင်ဖြစ်တော်မူရန်မှာ လွန်စွာပင် သင့်လျော်နေပါပြီ။ နောင်လာအစဉ်ရာဇာဝင်မှာလည်း ထင်ရှားရန်အချက်ဖြစ်ပါသည်။ ယိုးဒယားသို့ ချီတော်မူရန်အရေးမှာ ဗိုလ်ပါ၊ ဆင်၊ မြင်းအတွက် ခက်ခဲရန်အကြောင်း မရှိပါ။ အလိုရှိတိုင်း ပြည့်စုံနိုင်ပါသည်။ သို့သော် ဗိုလ်ပါ၊ ဆင်၊ မြင်းအများတို့ သုံးစားရန် ရိက္ခာအတွက် စိုးရိမ်ရန်ရှိပါသည်။ ယိုးဒယားသို့ချီရန် ချောင်းမြောင်းအတန်တန်၊ တောတောင်အထပ်ထပ် ပိတ်ဆီးလျက်ရှိနေပါသောကြောင့် စားရေရိက္ခာပြည့်စုံရန်မှာ အလွန်အရေးကြီးလှပါသည်။
သို့ဖြစ်ပါ၍ ချီတော်မမူမီတွင် ကြိုတင်၍ရိက္ခာများကို နယ်စပ်သို့ အလုံအလောက်ပို့ထားရန် သင့်လျော်ပါမည်။ မြို့စား၊ ရွာစားများကိုလည်း စစ်ရိက္ခာအတွက်အရေးကြီးစွာ စုဆောင်းကြရန် အမိန့်တော် ချမှတ်သင့်ပါသည်" ဟု လျှောက်ထားသည်။

        ထိုသို့လျှောက်တင်ကြသောစကားများကို ကြားတော်မူရသောအခါ တပင်ရွှေထီးသည် နှစ်သက်လက်ခံတော်မူပြီး အရပ်ရပ်ပြည့်စုံအောင်ဆောင်ရွက်ရန် ဘုရင့်နောင်ကို တာဝန်ပေးအပ်တော်မူသည်။

       

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း ၇)



တပင်ရွှေထီးသည်ဟံသာဝတီနေပြည်တော်သို့ ပြည်လည်ရောက်ရှိတော်မူလျှင် မြို့တော် ကို မြို့တောင်ဘက်သို့ချဲ့ကာ ရွှေမော်ဓောစေတီတော်၏ အနောက်ဘက်ကို ပတ်၍ ပြုပြင်တော်မူသည်။ ဘုရင့်နောင်၏ဖခင် မင်းရဲသိင်္ခသူကိုလည်း မင်းရဲသီဟသူဘွဲ့မည်နှင်းလျက် ကေတုမတီ(တောင်ငူ) ဘုရင်ခံအဖြစ် ခန့်တော်မူသည်။ ယောက်ဖတော်ဖြစ်သည့် ဘုရင့်နောင်ကိုလည်း ကြီးကျယ်စွာချီးမြှင့်ရန် ကြံရွယ်ရင်းရှိသည့်အတိုင်း ဘုရင့်နောင်အား မိမိကဲ့သို့ပင် နိုင်ငံတော်ကို အုပ်ချုပ်ရမည်ဟု အမိန့်တော် ရှိလေသည်။ ထိုအချိန်မှစ၍ ဘုရင့်နောင်၏ အာဏာတော်မှာလည်း ရှေးကထက် ကြီးမားတိုးတက် လာခဲ့ရသည်။

          သုရှင်တကာရွတ်ပိ နတ်ရွာစံသဖြင့် ၎င်း၏မှူးမတ် သေနာပတိနှင့် စစ်သည်ရဲမက်အများလည်း တပင်ရွှေထီးဖဝါးတော်အောက်သို့ ခိုဝင်လာကြရာ စိတ်ရင်းသဘောထားပြည့်ဝသည့် မင်းမြတ်ဖြစ်သည်နှင့် အညီ တပင်ရွှေထီးကလည်း မွန်မြန်မာဟူ၍ မခွဲခြားဘဲ မိမိအောက်သို့ ခိုဝင်လာသူအားလုံးကို ယခင်က ရာထူးစည်းစိမ်အတိုင်းပင် ချီးမြှောက်တော်မူလေသည်။ ထိုသို့ တပင်ရွှေထီး၏ သဘောထားပြည့်ဝစွာ ဆောင်ရွက်မှုတို့ကြောင့် ပြည်သူအပေါင်းမှာလည်း မိမိတို့၏ မင်းကောင်းမင်းမြတ်ကို တိုး၍လေးမြတ်ချစ်ခင်ကြကာ၊ တပင်ရွှေထီး၏ ဘုန်းတန်ခိုးမှာလည်း ပို၍ပင်ကြီးမာလာရတော့သည်။

          တပင်ရွှေထီးသည် လက်အောက်ခံဖြစ်သည့် ပုသိမ်(၃၂) မြို့ကို အလုံးအရင်းနှင့်တကွ ရန်သူတို့ နှောက်ယှက်ခြင်းမရှိစေရန် ကျေးစားထည့်တော်မူသည်။ အုပ်ချုပ်ရေးကို စနစ်တကျပြုကာ နိုင်ငံတော်ကာကွယ်ရေးကို အလေးထားဆောင်ရွက်သည်။
        ရာမညတိုင်း မွန်သုံးရပ်ဖြစ်သည့် ဟံသာဝတီ၊ ပုသိမ်နှင့် မုတ္တမတို့တွင် တပင်ရွှေထီးလက်အောက်သို့ ဟံသာဝတီ(၃၂)မြို့နှင့် ပုသိမ်(၃၂)မြို့တို့မှာ သြဇာခံကျရောက်ပြီးဖြစ်သော်လည်း မုတ္တမ(၃၂)မြို့မှာကား တပင်ရွှေထီးလက်အောက်သို့ ဝင်လာခြင်းမရှိဘဲ ထောင်ထားခြားနားနေသည့်အတွက် သက္ကရာဇ်(၉၀၂) ခုနှစ်တွင် မှူးမတ်သေနာပတိများအား . . .

          “မုတ္တမ(၃၂)မြို့ကိုစားရသော စောဗညားသည် ယခုအခါ ငါ့အား အံတု၍ နေသည်။ ယင်းကိစ္စအား မည်သို့မည်ပုံစီမံသင့်သည်ကို လျှောက်တင်ကြစေ” ဟု မိန့်တော်မူသည်။
        ထိုအခါ မှူမတ်များက မုတ္တမကို တိုက်ခိုက်သိမ်းယူတော်မူရန် တင်လျှောက်ကြသော်လည်း ဘုရင့်နောင်က . . .
          “တိုက်ခိုက်ခြင်းမှာ သေးငယ်သည့်တာဝန်မဟုတ်ပါ၊ စစ်ဖြစ်လျှင် သတ္တဝါအများ ကြီးစွာသော ဆင်းရဲခြင်းသို့ ဖြစ်ရပါလိမ့်မည်၊ ပရိယာယ်ကို အသုံးပြုလျက် အနုဖြင့်ကြံလျှင်လည်း ရခြင်းသာ လိုရင်းဖြစ်သည့်အတွက် ကောင်းသည်ပင်ဖြစ်ပါသည်။ သို့ပါ၍ ဦးစွာ မုတ္တမမင်းထံ သံစေလွှတ်ပြီး မေးရန်သင့်ပါသည်” ဟု လျှောက်တင်ရာ တပင်ရွှေထီးက ဘုရင့်နောင် ၏ လျှောက်တင်ချက်ကို လက်ခံတော်မူသည်။

          ထိုအချိန်က မုတ္တမမြို့မှာ ဥရောပတိုက်မှ အာဖရိကတောင်စွန်း ဂွတ်ဟုပ်အငူ( Cape of Good Hope)  မှ လည့်လည်၍ လည်းကောင်း၊ အိန္ဒိယပြည်၊ ပေါ်တူဂီပိုင် ဂိုအာ (Goa) နယ်မှ လည်းကောင်း၊ နိုင်ငံခြားသားများ လာရောက်ကာ ကုန်ကူးသန်းရောင်းဝယ်နေကြသဖြင့် လက်နက်အပြည့်အစုံပါရှိသော နိုင်ငံခြားသားတို့၏ သင်္ဘောများဖြင့် မုတ္တမဆိပ်မှာ စည်ကားလျက်ရှိသည်။

          မလက္ကာ (Malacca)ကို ပိုင်ဆိုင်သည့် ပေါ်တူဂီလူမျိုး အန်တော်နီကော်ရီးယားကလည်း မုတ္တမမြို့စား စောဗညားနှင့် စာချုပ်ချုပ်ဆိုကာ မုတ္တမတွင် ရောင်းဝယ်ရေးဌာနကြီးတစ်ခု ဖွင့်ပြီး ပြည်တွင်း ထွက်ကုန်များကို ဝယ်ယူလျက် ဥရောပတိုက်သို့ တင်ပို့ရောင်းချလျက်ရှိ၏။ ထို့ကြောင့် မုတ္တမမှာ နိုင်ငံခြားနှင့်ဆက်သွယ်ရောင်းဝယ်သည့် ကူးသန်းရောင်းဝယ်ရေး ဗဟိုဌာနကြီးဖြစ်နေကာ ရွှေငွေဥစ္စာ စီးပွားပြည့်စုံကြွယ်ဝလေ၏။ ထို့ကြောင့်ပင် စောဗညားမှာ ပစ္စည်းအင်အား၊ လူအင်အားနှင့် နိုင်ငံခြားသားကြေးစားတို့ထံမှ လူသူလက်နက်အင်အားတို့ကို အားကိုးပြုကာ စိတ်မာန်တက်ကြွလျက်ရှိနေ၏။

တပင်ရွှေထီးက မိမိလက်အောက်ခံရန်အတွက် သံစေလွှတ်လိုက်သည့်အခါတွင် သံတို့ကို မချေမငံပြောကြား၍ လွှတ်သည်။ စောဗညား၏ ပြန်ကြားချက်ကို သိရသည်တွင် ပြင်းစွာသော အမျက်တော်ရှတော်မူပြီးလျှင် စစ်ရေးဖြင့်တုံ့ပြန်ရန် အမိန့်တော် ချမှတ်လိုက်လေသည်။

                ကြည်းကြောင်းချီတပ်နှင့် ရေကြောင်းချီတပ်ကို ပြင်ဆင်ပြီး ကြည်းကြောင်းချီတပ်တော်တွင် တပင်ရွှေထီး၊ ရေကြောင်းချီတပ်တော်တွင် ဘုရင့်နောင်တို့ အသီးသီးဦးဆောင်စည်းကြပ်လျက်၊ ဟံသာဝတီတွင် အထိန်းတော် သတိုးသုဓမ္မရာဇာကို မြို့စောင့်ထားခဲ့ကာ မုတ္တမသို့ စစ်ချီတော်မူသည်။  လှေသုံးရာပါသော တပ်မကြီးတွင်လည်း မွန်အမတ်သမိန်ပရူကို လှေတပ်တွင် ‘ဝန်’ ခန့်၍ ကြီးမှူးအုပ်ချုပ်စေသည်။

           မှတ်ချက်။        ။ ‘ဝန်’ ဟူသောရာထူးကို တပင်ရွှေထီးလက်ထက်တော်တွင် စတင်ခန့်ထားခြင်းဖြစ်၏။
           ကြည်းကြောင်းချီတပ်တွင် မြင်းတပ်(၃)တပ်နှင့် ခြေလျင်တပ် (၇)တပ်ကို ရှေးဦးစွာ ချီစေ၍ ဆင်စီးအမတ်လေကျိပ်နှင့် တိုက်ဆင်(၄၀)၊ စစ်မြင်း(၄၀၀)၊ စစ်သည်(၄၀၀၀၀)ပါသော တပ်ကြီးကို တပ်မပြုကာ နောက်မှလည်း တပ်ကြီးများလိုက်ပါကြရသည်။ ဘုရင်တပင်ရွှေထီးကား အလယ်တပ်မကြီးမှ လိုက်ပါလေ၏။
         ကေတုမတီ(တောင်ငူ)သံများ ပြန်ကြသည်နှင့် မုတ္တမစား စောဗညားကလည်း စစ်ရေးအတွက် ချက်ချင်းပင်ပြင်ဆင်သည်။ မုတ္တမမြို့သည် တောင်မြောက်ရှည်လျားပြီး၊ အရှေ့ဘက်၌ သံလွင်မြစ်ရှိနေသဖြင့် ကျုံးကြီးသဖွယ် အားကိုးနေရသည်။ အနောက်ဘက်၌ရှိသည့် တောင်တန်းကြီး ကိုလည်း အမှီပြုထားခြင်းဖြစ်သဖြင့် စစ်ရေးစစ်ရာတွင် ခံမြို့ကဲ့သို့ များစွာအကွက်ကောင်းသော နေရာပင်ဖြစ်သည်။

          နိုင်ငံခြားသားပေါ်တူဂီတို့ကို လက်နက်အစုံအညီနှင့်သင်္ဘော(၇)စင်းဖြင့် မြစ်အတွင်း၌ အသင့်ထားရှိ၏။ မြို့အနောက် တောင်ထိပ်ပေါ်၌ သေနတ်လက်နက်၊ စိန်ပြောင်းတို့ကို စနစ်တကျ စီစဉ်၍ ထားသည်။
          တပင်ရွှေထီး၏ ကြည်းကြောင်းချီတပ်နှင့် ရေကြောင်းချီတပ်များ မုတ္တမအနီးသို့ ရောက်ရှိသွားပြီး မကြာမီရက်များတွင် ဘုရင့်နောင်သည် တိုက်ပွဲတိုင်းနိုင်ရမည်ဟူသော ယုံကြည်ချက်ဖြင့် မုတ္တမကို အပြင်းအထန်လုပ်ကြံတိုက်ခိုက်သည်။ သို့သော်မြို့၏ အနေအထားကလည်း ကောင်း၊ ဥရောပတိုက်သားတို့၏ လက်နက်အင်အားကည်း ကောင်းလှသဖြင့် တပ်ကို ပြန်ဆုတ်ရသည်။

          ထို့ကြောင့် နောက်တစ်နည်းအနေဖြင့် ပင်လယ်ဝမှဝင်လာသည့် ရန်သူသင်္ဘောတို့ကို တစ်ဖက်ကမ်းမှကာကွယ်၍ မြို့ကို ရံမြဲတိုင်းရံပြီးလျှင်  အစာဆန်ရေ အသွင်းအယူမရှိစေရန် ရေဘက်၊ ကုန်းဘက် ညှပ်လျက်ပိတ်ဆို့ထား၏။ ထိုသို့ ရေတပ်၊ ကုန်းတပ်ညှပ်၍ပိတ်ဆို့ထားရာ (၆)လခန့်အကြာတွင် မလက္ကာမြို့ထိန်း ဗိုလ်ကြီး (Captain Peao De Faria) စေလွှတ်လိုက်သော တမန်(Pinto) သည် မုတ္တမမြို့စားထံ သင်္ဘောဖြင့်လာရာ ဘုရင့်နောင်တပ်မှ ဖမ်းဆီးခြင်းကို ခံလိုက်ရသဖြင့် စောဗညားမှာ အားယုတ်သွားရ၏။ ပေါ်တူဂီ(၇၀၀) တို့က သင်္ဘောများပေါ်မှလည်းကောင်း၊ မုတ္တမမြို့တွင်းမှ လည်းကောင်း ခုခံလျက်ရှိသော်လည်း ရက်ကြာလာသောအခါ မြို့တွင်းရှိ လူများမှာ အစာရေစာ ငတ်မွတ်ခြင်းဒဏ်ကို မခံနိုင်အောင် ဖြစ်လာကြရသည်။

          ထို့နောက်တွင် သမိန်ပရူးက ၎င်း၏အကြံအစည်ကို တပင်ရွှေထီးအား တင်လျှောက်ကာ လှေတပ်ကို သံလွင်မြစ်ညာလကွန်းမြို့သို့ ရောက်အောင်ချီတက်သွားပြီးလျှင် သစ်များကို ခုတ်၍ အလျားအလံတစ်ရာ၊ အနံ အလံငါးဆယ်ရှိသော သစ်ဖောင်ကြီးကို ဖွဲ့သည်။ ၎င်းဖောင်ပေါ်တွင် သစ်ခြောက်၊ ဝါးခြောက် စသော လောင်စာတို့ကို စုပုံတင်ပြီးလျှင် ဒီရေအတက်အကျ၌ ရန်သူ့သင်္ဘောများရှိရာသို့ ချိန်လျက် မီးရှို့ကာလွှတ်လိုက်သည်။

မီးများအရှိန်ပြင်းစွာ တောက်လောင်နေစဉ် မီးဖောင်စကြာ ကြီးမှာ ရေ၌မျောသွားပြီး ရန်သူ့သင်္ဘော (၃)စီးကို ငြိကပ်၍ သင်္ဘောကို မီးစွဲလောင်လေတော့ရာ သင်္ဘောပေါ်ရှိ ပေါ်တူဂီစစ်သားများအားလုံး ရေထဲသို့ ခုန်ဆင်းကာ ရေကူးပြေးကြရသည်။ မြို့တွင်းမှလည်း မီးကို ငြိမ်းသတ်ရန် လှေနှင့်ကူးလာကြစဉ် မြန်မာတပ်၏ ဆီးကြိုပစ်ခတ်သဖြင့် သေဆုံးကြရသည်။ မီးလောင်နေသည့်သင်္ဘော(၃)စီးမှ မီးက အခြားသင်္ဘောများကို ကူးပြန်ရာ၊ သင်္ဘောတစ်စီးပြီးတစ်စီး ကူးစက်လောင်ကျွမ်းတော့သည်။ ထိုအခါ မြန်မာတပ်တို့က ရှေ့ကိုတိုး၍ မြစ်တစ်ခုလုံးကို သိမ်းပိုက်ထားလိုက်သည်။

          ထို့နောက် အသင့်ပြုလုပ်ထားသော အလျား အလံသုံးရာ၊ အနံ အလံငါးရာရှိသော ဒုတိယဖောင်ကြီးပေါ်တွင် ခံတပ်ကြီးတည်ဆောက်လျက် လက်နက်ခဲယမ်းမီးကျောက်၊ အစာဆန်ရေ အပြည့်အစုံနှင့် စစ်သည်တို့ကို တင်ပြီးလျှင် ဒီရေအကျ၌ အောက်သို့မျှောလိုက်သည်။ ၎င်းဖောင်ကြီး မြို့အနီးသို့ရောက်သောအခါ ဖောင်ပေါ်ရှိ သစ်တပ်မှာ မုတ္တမမြို့ရိုးထက်မြင့်သည့်အတွက် သင်္ဘောပေါ်မှနေ၍အမြောက်၊ စိန်ပြောင်းတို့ဖြင့် မရပ်မနားပစ်ခတ်နေလေရာ မြို့ရိုးပေါ်မှ ခုခံနေကြသော တပ်များမှာ မည်သို့မျှ မခုခံနိုင်ကြတော့ဘဲ ဆင်းပြေးကြရသည်။
          ထိုစဉ် မြန်မာလှေတပ်က မြို့ရိုးကိုချဉ်း၍ တူးဖြိုးကြသကဲ့သို့ ကြည်းတပ်ကလည်း မြို့ကို တိုက်ဖောက်၍ ဆင်လုံးမြင်းရင်းနှင့်တကွ မြို့တွင်းသို့ဝင်သည်။ မြို့ရိုးအနှံ့ပေါက်ကုန်ကာ မြို့တွင်း၌ လက်တကမ်းတိုက်ပွဲများဖြစ်လေသည်။ မြန်မာတပ်တို့က ရန်သူတို့အား အတင်းတိုက်ခိုက်သတ်ဖြတ်ကြ၏။

          မုတ္တမစားစောဗညားသည် သူရသတ္တိနှင့်ပြည့်စုံသူဖြစ်သည့်အတိုင်း မြို့ရိုးပေါက်ကာ မြန်မာ တပ်များ မြို့တွင်းသို့ရောက်နေသည့်တိုင်အောင် အရှုံးမပေးသေးဘဲ စုရုံးရသမျှသော တပ်သားတို့ဖြင့် ပြန်လည်ခုခံတိုက်ခိုက်သည်။ စောဗညားကိုရရန်အတွက်ဆင်စီးအမတ်တို့က ဝိုင်းအုံကာလိုက်သည်။ နန္ဒကျော်သူက ‘စွယ်လကောက်’ အမည်ရှိသော ဆင်ကိုစီးကာ စောဗညားနှင့်ယှဉ်၍ စီးချင်းတိုက်သည်။ ထိုအခါ စောဗညား၏ဆင် ထွက်ပြေးသဖြင့် ဝိုင်းဝန်းဖမ်းရာ မုတ္တမစားစောဗညားအား ဆင်နှင့်တကွ အရှင်ရသည်။

          မုတ္တမကို အောင်နိုင်ပြီးနောက် တပင်ရွှေထီးသည် မွန်အမတ်သမိန်ပရူးအား ချီးမွမ်းတော်မူပြီးလျှင် အဆောင်အယောင် အစီးအနင်းနှင့်တကွ သမိန်ပရူးအား မြောင်းမြမြို့ကို ပေးတော်မူသည်။ နန္ဒကျော်သူကိုလည်း ‘မင်းကျော်ထင်’ ဟူသော ဘွဲ့ကို ချီးမြင့်တော်မူ၍ ကွမ်းခွက်၊ လက်ဖက်အိုး၊ ကွမ်းအိုး၊ ရွှေအိုးပျစ်၊ ရွှေမြူတာ၊ ရွှေထွေးခံ၊ ဆင်ရွှေက၊ မြင်းရွှေက၊ လှေချင်ပိတ်၊ ပဲ့ပေါင်းလှေမှတ်အားလုံးကို ပေးတော်မူသည်။ မုတ္တမတွင်ရှိသော သူဌေးသူကြွယ်တို့ကိုလည်း မင်းကျော်ထင်အား ငါးရက်တိုင်တိုင်လက်ဖွဲ့စေသည်။  မုတ္တမကို တပင်ရွှေထီးအောင်တော်မူပြီဟု ကြားသိရလျှင် မော်လမြိုင်မြို့စားဗညားဦးနှင့် မြို့စားရွာစားအပေါင်းသည် လက်ဆောင်ပဏ္ဏာများနှင့်တကွ တပင်ရွှေထီး၏ ခြေဖဝါးတော်အောက်သို့ ခိုဝင်၍လာကြသည်။

          ထို့နောက် မုတ္တမကို သုရှင်တကာရွတ်ပိ၏ ယောက်ဖတော်စောလကွန်းအိမ်အား အဆောင်အယောင်အခမ်းအနားနှင့်တကွ ပေးသနားတော်မူပြီးလျှင် ယိုးဒယားဇင်းမယ်နယ်များ၏ အခြေအနေကို စောင့်ကြည့်ရန်အတွက် သောင်းရင်းမြစ်အနီးတွင် နယ်ခြားစောင့်တပ်များ နေသားတကျ စီစဉ်ချထားကာ ပေါ်တူဂီစစ်သုံ့ပန်းများကို ယူလျက် ဟံသာဝတီသို့ ပြန်လည်ကြွချီတော်မူသည်။

    ပြည်တိုက်ပွဲ

            တပင်ရွှေထီးသည် မုတ္တမကို အောင်တော်မူသည့်အတွက် မွန်သုံးရပ်ကို အလိုတော်ပြည့်ပြီဖြစ်သည်။ ထို့ကြောင့် သက္ကရာဇ်(၉၀၃) ခုနှစ်တွင် ဒဂုန်(ရန်ကုန်)သို့ ချီတော်မူ၍ ဒဂုန်(ရွှေတိဂုံ) စေတီတော်အား မကိုဋ်တင်တော်မူလေသည်။ အရိယာသံဃာတော်တို့အား ရက်လည်အောင်ဆွမ်း လုပ်ကျွေးတော်မူသည်။ သဘင်ကြီးများလည်း ခံတော်မူသည်။
           ဟံသာဝတီနေပြည်တော်သို့ ပြန်လည်ရောက်ရှိတော်မူလျှင် ဘုရင့်နောင်အား . . .

         “ရှေ့သီတင်းဝါလကျွတ်လျှင် ပြည်သို့ ချီတော်မူမည်၊ မြို့စား ပြစားအပေါင်းတို့သည် ဆင်၊ မြင်း၊ ဗိုလ်ပါ ဖြည့်တင်းစေ၊ စစ်ဝတ်တန်ဆာ၊ လက်နက်ကိရိယာ၊ ဆေး၊ ကျည်စေ့၊ မျိုးရိက္ခာ ပြည့်စုံစေရမည်” ဟု အမိန့်တော်ရှိသည်။
         သို့ဖြင့် တန်ဆောင်မုန်းလဆန်းသို့ရောက်သည်တွင် တပင်ရွှေထီးသည် ကြည်းကြောင်း၊ ရေကြောင်း အစုံအညီနှင့် ပြည်သို့ စစ်ချီတော်မူသည်။ တပင်ရွှေထီးက ရေကြောင်းချီတပ်ဖြင့် လိုက်ပါ၍ ဘုရင့်နောင်က ကြည်းကြောင်းချီတပ်ကို ဦးဆောင်ကွပ်ကဲမှုပြုသည်။

        ရေကြောင်းချီတပ်တွင် ရှေ့တော်မှ လှေတပ်(၆)တပ်က ချီရသည်။ ထို့နောက်မှ ဘုရင်တပင်ရွှေထီးက ဘုံ(၁၁)ဆင့် ရှိသော ရွှေဖောင်တော်ကြီးကို စီးတော်မူကာ ရွှေဖောင်တော်ကြီးနောက်မှ လှေတပ်(၆)တပ်က လိုက်ပါရသည်။  ရေကြောင်းချီတပ်မှာ တပ်မတော်ကြီးနှင့်တကွ တပ်ပါင်း (၁၃)တပ်ရှိသည့် လှေကြီးလှေငယ်ပေါင်း (၁၃၇၀)နှင့် စစ်သည်ပေါင်း (၉၀၀၀၀) ပါရှိသည်။

       ကြည်းကြောင်းချီတပ်တွင် ခြေလျင်တပ်(၅)တပ်၊ မြင်းတပ်(၅)တပ်၊ ဘုရင့်နောင်၏ တပ်မကြီး (၁)တပ်၊ စုစုပေါင်း (၁၁)တပ် ပါရှိသည်။ မြင်းတပ်(၅)တပ်ကို ရှေ့မှချီစေပြီး ထို့နောက်မှ ဘုရင့်နောင်၏ တပ်မကြီး၊ ၎င်းတပ်မကြီး၏နောက်မှ ခြေလျင်တပ်(၅)တပ် အစဉ်အတိုင်း လိုက်ပါသည်။ ကြည်းကြောင်းချီတပ်၏ အင်အားမှာ တိုက်ဆင်(၃၀၀)၊ စစ်မြင်း(၂၅၀၀)၊ စစ်သည်(၈၀၀၀၀) ဖြစ်သည်။ ဟံသာဝတီတွင် အထိန်းတော် သတိုးဓမ္မရာဇာနှင့် အမတ်ကြီး သက်ရှည်ကျော်ထင်တို့အား မြို့စောင့်အဖြစ် ထားခဲ့၏။

       အင်အားကြီးမားသည့် တပင်ရွှေထီး၏ တပ်တော်ကြီး ပြည်သို့ချီလာပြီဟုကြားရလျှင် ဘုရင်မင်းခေါင်မှာ ထိတ်လန့်တုန်လှုပ်ခြင်းဖြစ်ကာ အဆောတလျင် ပြည်ကိုပြင်ဆင်၍ ရိက္ခာများကိုလည်း မြို့တွင်းသို့ အလုံအလောက်သွင်းလေ၏။ အင်းဝဘုရင် သိုဟန်ဘွားနှင့် အုန်းမောင်းစော်ဘွား၊ နောင်မွန်စော်ဘွား၊ ရပ်စောက်စော်ဘွား၊ သုံးဆယ်စော်ဘွားတို့ကိုလည်း စစ်ကူတောင်း၏။

       သိုဟန်ဘွားနှင့် စော်ဘွားများကလည်း အညီအညွှတ်တိုင်ပင်ကြပြီးလျှင် ဘုရင်မင်းခေါင်ကို ကူညီရန်အတွက် တိုက်ဆင်(၈၀၀)၊ စစ်မြင်း(၁၀၀၀၀)၊ စစ်သည်(၁၆၀၀၀၀)တို့ဖြင့် ပြည်သို့ ချီတက်လာကြသည်။

        ပြည်ဘုရင်မင်းခေါင်သည် ယောက်ဖတော်ဖြစ်သည့် ရခိုင်ဘုရင်ထံလည်း စစ်ကူတောင်းရာ ရခိုင်ဘုရင်ကလည်း ကြည်းတပ်၊ ရေတပ်များကို အဆောတလျင်စိစစ်၍ ပြည်သို့ စေလွှတ်တော်မူသည်။ (ရခိုင်ဘုရင်ကို ယောက်ဖတော်ဟုဆိုရခြင်းမှာ မင်းခေါင်၏ နောင်တော်ဖြစ်သည့် နရပတိက နောင်အရေးပေါ်လာလျှင် အကူအညီရနိုင်ရန် ရခိုင်ဘုရင်အား နှမတော်ဖြစ်သည့် ပဲခူးမိဖုရားအား ပေးခဲ့၍ဖြစ်သည်။ ဤအကြောင်းကို ရှေ့အခန်းများတွင် ဖော်ပြပြီးဖြစ်သည်။ ရခိုင်ဘုရင်ကလည်း နရပတိ၏နှမတော်ကို မိဖုရားမြှောက်လေရာ ရခိုင်သို့ရောက်မှ မူလပဲခူးမိဖုရားအမည်မှ တန်ဆောင်းမိဖုရားအမည်သစ်ဖြင့် ထင်ရှားသည်။)

        တပင်ရွှေထီး၏တပ်များ ပြည်သို့ရောက်လျှင် မြို့တော်အား ဝန်းရံကာ အပြင်းအထန်လုပ်ကြံည်။ မင်းခေါင်ကလည်း အသင့်ပြုပြင်ထားပြီးသော မြို့ရိုးထက်မှ စစ်သည်တို့အား ရှိသမျှလက်နက်တို့ဖြင့် တုံ့ပြန်ပစ်ခတ်ကာကွယ်စေသည်။ သေနတ်၊ စိန်ပြောင်း၊ အမြောက်တို့ ထူထပ်လှသည့်အတွက် ဟံသာဝတီတပ်များမှာ ပြည်မြို့ရိုးကိုမဖောက်နိုင်ပဲ အထိအခိုက်အကျအနာ များစွာဖြစ်ရသည်။

        တပင်ရွှေထီးက . . .
        “ပြည်ကို ငါတို့ဝိုင်းရံထားပြီ၊ သင်တို့ မည်မျှထိ ခုခံနေနိုင်မည်နည်း၊ ခုခံနိုင်သမျှ ခုခံကြပါစေ။ တစ်နေ့တွင် ပြည်သည် ငါ့လက်တော်သို့ရောက်လာရလိမ့်မည်၊ ရံမြဲအတိုင်း ဝိုင်းရံ၍သာနေကြ” ဟု မိမိ၏ စစ်သည်တို့အား မိန့်တော်မူသည်။
        အင်းဝဘုရင် သိုဟန်ဘွားနှင့် စော်ဘွားတို့၏ တပ်များချီလာနေခြင်းနှင့် ပတ်သက်ပြီး မှူးမတ်သေနာပတိတို့နှင့် တိုင်ပင်တော်မူရာတွင် ဘုရင့်နောင်က . . .
        “ယခုအင်းဝဘုရင် သိုဟန်ဘွားနှင့် စော်ဘွားများ ချီလာရာတွင် ဆင်လုံးမြင်းလုံးများသည်ဟု သိရပါသည်။ ထိုသို့များသော်လည်း ဆင်စီးအရာ၌ ကျွန်တော်တို့ကိုမမီ၊ ခြေသည်ချင်းလည်း ကျွန်တော်တို့ကို မမီ၊ ရင်ဆိုင်မည်ဆိုပါက ရှမ်းတို့ ခံနိုင်မည်လော၊ မြင်းစီးမူကား ရှမ်းတို့ ကျွမ်းသည်ဖြစ်သောကြောင့် ကျွန်တော်တို့မှာ ဆင်ကိုအားပြု၍ချီမည်။  တစ်ကြောင်းမှာလည်း ရှမ်းတို့ချီလာသည်ကို ပြည်မြို့တွင်းမှ မသိရအောင် ညဥ့်ကိုချီ၍ တစ်စခန်းအလွန်မှ ကြို၍တိုက်ကြမည်၊ ရှမ်းတို့ ကျွန်တော်တို့ကို ခံနိုင်မည်လော၊ ပျက်အောင်တိုက်မည်” ဟု နားတော် လျှောက်တင်သည်။ တပင်ရွှေထီးကလည်း ဘုရင့်နောင်၏ လျှောက်တင်ချက်ကို လက်ခံတော်မူသည့်အတွက် စစ်ရေးကို စီစဉ်သည်။

        ထို့နောက် စစ်ကြောင်းသုံးကြောင်းခွဲကာ လက်ယာကြောင်း၊ လက်ဝဲကြောင်းတွင် မြင်းတပ် (၂)တပ်၊ ခြေလျင်တပ် (၄)တပ်၊ တိုက်ဆင် (၅၀၀)၊ စစ်မြင်း (၇၀၀)၊ စစ်သည် (၃၀၀၀၀) စီ ထားကာ အလယ်ကြောင်း ချီတပ်တွင်လည်း ရှေးနည်းအတိုင်းပင် (၆)တပ်တွဲ၍ ဘုရင့်နောင်ကိုယ်တိုင် ဦးဆောင်ချီတက်သည်။

        ရှေ့ဆုံးမှ ချီသော မြင်းတပ်များသည် စော်ဘွားတို့၏တပ်ကိုတွေ့ရာ ဘုရင့်နောင်ထံသို့ ရှမ်းတပ်များ ချီလာကြောင်းကို အမြန်လာ၍ လျှောက်တင်ကြသည်။ မြင်းတပ်များက စစ်ရေးငင်လေရာ ရှမ်းတပ်များမှ နောက်မှအတင်းလိုက်လာကြသည်။ ဘုရင့်နောင်စီစဉ်ထားသော လက်ဝဲလက်ယာတပ်များအတွင်းသို့ ရှမ်းတပ်များရောက်လာသည်တွင် အမြောက်ငယ်များ တပ်ဆင်ထားသော မြစ်ကမ်းပါးရှိ စစ်ဆင်(၁၅၀)ပေါ်မှ အမြောက်များဖြင့် ချိန်ရွယ်ပစ်ခတ်လေရာ စော်ဘွားတို့၏ ဆင်တပ်များ ပျက်သွားရသည်။  ထိုအခါ ဘုရင့်နောင်က တိုက်ဆင်(၁၅၀)ကို စစ်ကြောင်းခွဲလျက် အလျင်အမြန် စော်ဘွားတို့၏ ဆင်တပ်ကြီးကို တစ်ဟုန်တည်းတိုးဝင်၍ နင်းစေရာ စော်ဘွားတို့၏ ဆင်များမှာ လုံးရပ်သဏ္ဍန်ငယ်နေသောကြောင့် အရွယ်ချင်းဆိုင်၍ မယှဉ်ဝံ့ကြဘဲ၊ နောက်သို့ဆုတ်လှည့်ကာ ပြေးကြသည်။ ရှမ်းတို့စီးသည့် အချို့ဆင်များလည်း  ဗမာဆင်တပ်များနှင့်ရင်ဆိုင်တွေ့ရာတွင် မယှဉ်နိုင်ဘဲ တုံ့ခနဲလဲကျလေသည်။ မိမိတို့၏ ဆင်တပ်ကြီးပျက်သွားသည်ကို မြင်လျှင် စော်ဘွားတို့၏ မြင်းတပ်နှင့် ခြေလျင်တပ်များမှာ ရှေ့သို့ မဆက်ဝံ့ပဲ နောက်ပြန်လှည့်၍ ပြေးကြတော့သည်။

        ဘုရင့်နောင်၏ မြင်းတပ်(၆)တပ်က ဆုတ်၍ပြေးသော ရှမ်းတပ်များကို အတင်းဖိ၍လိုက်ရာ သုံးဆယ်ဘွား၊ ရပ်စောက်စော်ဘွား၊ နောင်မွန်စော်ဘွားတို့ကို ဆင့်နှင့်တကွ ရမိသည်။ ထိုတိုက်ပွဲ၌ မြန်မာတို့က တိုက်ဆင်(၆၀)၊ စစ်မြင်း(၃၀၀)ကျော်နှင့် ရှမ်းစစ်သည် (၂၀၀၀)ကျော်ကို ရရှိလိုက်သည်။

        ထိုသို့ဆင်တပ်ဖြင့်တိုက်၍ ရှမ်းစော်ဘွားတို့ကို အောင်မြင်တော်မူပြီးနောက် ဘုရင့်နောင်သည် မြင်းတပ်များကို ဆက်၍မလိုက်စေတော့ပဲ စစ်ပွဲ၌ ရရှိသော လူသူ ဆင်မြင်း သုံ့ပန်းများကို သိမ်းယူပြီး ပြည်သို့ ပြန်လာသည်။ စစ်ပွဲမှ ဖမ်းဆီးရရှိခဲ့သည့် လူသူ ဆင်မြင်း သုံ့ပန်းများကို  တပင်ရွှေထီးထံဆက်လေရာ တပင်ရွှေထီးမှာ ကျေနပ်အားရတော်မူလှသဖြင့် ဘုရင့်နောင်အား ချီးမွမ်းတော်မူပြီးလျှင်၊ ရရှိခဲ့သော ဆင်(၂၀)၊ စစ်မြင်း(၅၀)၊ သုံ့ပန်း(၂၀၀၀)ကျော်တို့ကို ဘုရင့်နောင်အား ပေးသနားတော်မူ၏။ တပင်ရွှေထီးသည် ကေတုမတီ(တောင်ငူ)တပ်များက ရှမ်းစော်ဘွားတို့၏ တပ်များကို အောင်မြင်လိုက်ပြီဖြစ်ကြောင်း ရှမ်းတို့ကို အားကိုးသည့် ပြည်ဘုရင်အနေဖြင့် ဆက်လက်၍ခုခံမနေသင့်တော့ကြောင်းစသည့် စာများကို ရေးသားစေကာ ပြည်မြို့တွင်းသို့အရောက်ပို့လျက် သတင်းလွှင့်လေရာ ပြည်သားတို့မှာ အားကိုးစရာမရှိတော့သဖြင့် လွန်စွာထိတ်လန့်ကြောက်ရွံ့နေကြလေသည်။

        မှူးမတ်အချို့က ပြည်ဘုရင်အား တပင်ရွှေထီးထံ စာကိုဆက်၍ အရေး ကိစ္စကိုဆောင်ရွက်ရန် လျှောက်တင်ကြသော်လည်း ပြည်ဘုရင်က လက်မခံဘဲ ယောက်ဖတော်ဖြစ်သည့် ရခိုင်မင်း၏ တပ်များအလာကိုသာ စောင့်မျှော်နေသည်။
        ရခိုင်ဘုရင်၏ ညီတော်ဖြစ်သည့် သံတွဲစားမင်းအောင်လှသည် မိမိတို့ရခိုင်ပြည်မှ စစ်ကူများထွက်လာပြီဖြစ်ကြောင်း ပြည်ဘုရင်သိစေရန် မိမိ၏ လူငါးယောက်ကို စေလွတ်၍ ပြည်ဘုရင်ထံ စာပို့ခိုင်းသည်။ ထိုလူငါးယောက်သည် ပြည်သို့မရောက်မီပင် ကေတုမတီ(တောင်ငူ) တပ်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကာ ၎င်းတို့အား ဘုရင့်နောင်က အကြောင်းစုံကို သေချာစွာစစ်မေးလေသည်။

         သံတွဲစားမင်းအောင်လှ၏ တပ်များ ပြည်ဘုရင်ကို ကူညီရန်ချီလာကြောင်းနှင့် ရခိုင်တို့၏ အစီအစဉ်အလုံးစုံကို သိရှိရသောအခါ ပုသိမ်၊ မြောင်းမြစသည့် အစွန်အဖျားမြို့များကို ခိုင်လုံစွာပြုလုပ်၍ ကာကွယ်ထားနှင့်ရန် ဘုရင့်နောင်က တပင်ရွှေထီးအားလျှောက်ထားသည်။  ထိုအခါ တပင်ရွှေထီးသည် ပုသိမ်မြို့စား၊ မြောင်းမြမြို့စား၊ မဲခေါင်းမြို့စား၊ ဒလမြို့စားတို့ကိုခေါ်တော်မူပြီးလျှင် မိမိတို့မြို့ရွာများကို ကာကွယ်ခုခံရေးအတွက် အမြန်စီစဉ်ဆောင်ရွက်ကြရန် မိန့်တော်မူသည်။
        ထို့နောက် မှူးမတ်သေနာပတိများကို ခေါ်ယူပြီးလျှင် . . .
        “ယခု ရခိုင်မှ ကြည်းတပ်နှင့် ရေတပ် နှစ်ဘက်ညှပ်၍ ချီလာကြသည်မှာ အင်အားများလှသည်ဟု သိရသည်။ ထို့ကြောင့် စစ်ရေးကိစ္စကို မည်သို့လုပ်ကိုင်ဆောင်ရွက်သင့်သနည်း” ဟု မေးတော်မူရာ ဦးစွာဘုရင့်နောင်၏ညီတော် သီရိဇေယျကျော်ထင်နှင့် တပ်မတော်မှူးနန္ဒသင်္ဂြာံတို့က မိမိတို့၏ ထင်မြင်ချက်ကို တင်လျှောက်ကြသည်။

        ဘုရင့်နောင်က . . .
        “ကျွန်တော်တို့ ပြည်မြို့ကို ရံထားသောတပ်ကိုလည်း ရံထားမြဲအတိုင်းရှိစေပြီး၊ အချို့ကိုယူ၍ သူတို့ကိုနိုင်အောင် ကျွန်တော်တို့က ဆီးကြို၍တိုက်ပါမည်၊ ရခိုင်တို့သည် ရေတပ်တွင် ကျင်လည်သည်ဆိုသော်လည်း ကျွန်တော်တို့ ကြောက်ရန်မရှိ၊ အလျက်အမြန် နှိင်နင်းနိုင်ပါလိမ့်မည်” ဟု လျှောက်တင်ရာ တပင်ရွှေထီးသည် ဘုရင့်နောင်၏ လျှောက်တင်ချက်ကို နှစ်သက်တော်မူသဖြင့် “နောင်တော်ပင် သင့်အောင်စီစဉ်ပါလေ” ဟု မိန့်တော်မူ၏။
        ဘုရင့်နောင်သည် မိမိနှင့် လိုက်ပါရန် ဆင်ကောင်း၊ မြင်းကောင်း၊ သူရဲကောင်းတို့ကိုရွေးချယ်ကာ ရခိုင်ကြည်းတပ်ကိုတိုက်ခိုက်ရန် စစ်ကြောင်းသုံးကြောင်းကို စီမံခန့်ခွဲသည်။
        လက်ဝဲကြောင်းချီတပ်တွင် တုယင်ယော်ဓားမြင်းတပ်၊ ရာဇတမန် မြင်းတပ်(၂)တပ်ကို ရှေ့မှချီစေကာ သီရိဇေယျကျော်ထင်(၁)တပ်၊ မဟာကြီး(၁)တပ်၊ သမိန်အဲရနဲ(၁)တပ်၊ သမိန်ဗရမ်း(၁)တပ်၊  မြင်းတပ် (၂)တပ်၊ တပ်ပေါင်း(၄)တပ်၊ ပေါင်း(၆)တပ်ကို လက်ဝဲကြောင်းချီစေသည်။ ယင်းစစ်ကြောင်းတွင် တိုက်ဆင်(၅၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၂၀၀၀၀) ပါဝင်သည်။
         အလယ်တပ်မချီစစ်ကြောင်းတွင် စစ်တုရင်္ဂသူမြင်းတပ်၊ လက်ယာရဲတိုင်မြင်းတပ်၊ ၎င်း (၂)တပ်ကို ရှေ့မှချီစေသည်။ သမိန်စည်သူ(၁)တပ်၊ သမိန်ရဲသင်ရံ(၁)တပ်၊ သမိန်မောခွင်(၁)တပ် ဘုရင့်နောင်(၁)တပ်၊ မြင်း(၂)တပ်နှင့် တပ်ပေါင်း(၄)တပ်၊ ပေါင်း(၆)တပ်က အလယ်တပ်မအဖြစ်ချီသည်။ အင်အားမှာ တိုက်ဆင်(၅၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၂၀၀၀၀) ပါဝင်သည်။
        လက်ယာကြောင်းချီစစ်ကြောင်းတွင် တုရင်ရာဇာမြင်းတပ်၊ အင်းယဉ်တုရင်မြင်းတပ်၊ ၎င်း(၂)တပ်ကို ရှေ့မှချီစေသည်။ စတုဂါမဏိ(၁)တပ်၊ နန္ဒသင်္ဂြာံ(၁)တပ်၊ သမိန်အဲနန်သူ(၁)တပ်၊ သမိန်ဇော်ကရတ်(၁)တပ်၊ မြင်း(၂)တပ်နှင့် တပ်ပေါင်း(၄)တပ်၊ ပေါင်း(၆)တပ်က တိုက်ဆင်(၅၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၂၀၀၀၀)ဖြင့် လက်ယာကြောင်းအဖြစ် ချီသည်။

        ထိုသို့စစ်ကြောင်းသုံးကြောင်းဖြင့်ချီရာ၌ ဘုရင့်နောင်သည် ပြည်မြို့တွင်းသားတို့ မသိရှိအောင်ချီသည်။ ပြည်မှ တစ်စခန်းသို့ရောက်လျှင် တပ်များကိုချရပ်သည်။ ပြည်သို့ချီလာသော ရခိုင်ဘုရင်၏ ညီတော် သံတွဲစားသည်လည်း ပြည်ရှိစစ်ရေးအခြေအနေဖြစ်ရပ်တို့ကို မသိရှိလေသောကြောင့် ပြည်မှ ငါးစခန်းအကွာတွင် တပ်ကိုချကာ အခိုင်အလုံတည်နေသည်။
        ဘုရင့်နောင်သည် ပြည်မြို့တွင်းမှ ပြေးထွက်လာသည့် လူ(၅)ယောက်ကို ခေါ်တော်မူပြီးလျှင် . . .
“ယခုကိစ္စတွင် သင်တို့အနေဖြင့် အမှုတော်

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း ၆)


နောင်ရိုးတိုက်ပွဲ ဖောင်ဖျက်နွှဲသည့် ကျော်ထင်နော်ရထာ

          တပင်ရွှေထီးသည် ဟံသာဝတီကိုရရှိပြီးနောက် တိမ်းရှောင်နေကြသော မွန်အမှုထမ်း၊ အရာထမ်းတို့ကို ပြန်လည်ခေါ်ယူပြီးလျှင် ၎င်းတို့၏ ရာထူးအလိုက် ခန့်ထားချီးမြှောက်တော်မူ၏။ ဟံသာဝတီပြည်သားတို့ကိုလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ နေနိုင်ကြစေရန် စီမံတော်မူသည်။ သို့သော် အစိုးရိမ်ကြီးသော သူတို့ကား မြန်မာဘုရင်သည် ငါတို့အား ပရိယာယ်ဖြင့်ခေါ်၍ နှိပ်စက်ပေလိမ့်မည်ဟု အတွေးဝင်ကာ မုတ္တမသို့ ထွက်ပြေးကြလေသည်။

        ကျော်ထင်နော်ရထာသည် မွန်တို့၏ယုံကြည်မှုကို ရရှိလာအောင် ကြိုးစားစည်းရုံးရာ မကြာမီ မြန်မာဘုရင် လက်အောက်တွင် မွန်စစ်သည် အမြောက်အများကို ရရှိလာခဲ့သည်။ တပင်ရွှေထီးသည် ဟံသာဝတီကို ရရှိပြီး သုံးလကျော်ကြာသောအခါ စစ်ရေးကိစ္စနှင့် ပတ်သက်သည့် ညီလာခံတစ်ရပ် ကျင်းပတော်မူပြီးလျှင် ...
        “ဟံသာဝတီပြည်ကြီးကို အုပ်စိုးမိသည်မှန်သော်လည်း ရာမညတိုင်းကြီး၏ အရေးတော်မှာ ပြီးစီးပြီဟု မဆိုသာပေ။ ဟံသာဝတီဘုရင်သည် ပြည်ဘုရင်နှင့်ပေါင်းပြီးနောက် ဟံသာဝတီကို ပြန်လည် သိမ်းယူရန် ကြံစည်လျက်ရှိနေသည်ဟု ကြားသိရ၏။ မုတ္တမစား စောဗညားသည်လည်း နိုင်ငံခြားသားများနှင့် ပူးပေါင်း၍ ဗိုလ်ပါအင်အားနှင့် ထောင်လွှားလျက်ရှိသည်ဟု သိရသည်။

ထို့ကြောင့် မုတ္တမနှင့် ပြည်က စစ်နှစ်ဖက်ညှပ်၍ ဟံသာဝတီကို ချီတက်ရန်အကြောင်းမရှိဟု မဆိုသာပေ။ ထို့အတွက် ငါတို့က စတင်၍ ချီတက်ရလျှင် ကောင်းပေမည်လော၊ မုတ္တမကိုအလျင်ချီတက်လျှင် သင့်မည်လော၊ ပြည်ကို အလျင်ချီတက်လျှင် သင့်မည်လော” ဟု မှူးကြီးမတ်ရာ သေနာပတိတို့ကို မေးမြန်းတော်မူသည်။
          အထိန်းတော်ကြီး သတိုးဓမ္မရာဇာက  . . .
        “ကျွန်တော်တို့သည် ဟံသာဝတီကိုရသည်မှာ မကြာသေးပါ၊ နိုင်ငံတော် ပိပြားရန်လည်း စိတ်မချရသေးပါ၊ သို့ပါ၍ တစ်နှစ်တစ်ဝါမျှ ဆိုင်းငံ့ပြီး ဗိုလ်ပါအင်အားဖြည့်တင်းခြင်းပြုနေရန် သင့်ပါသည်။ မြို့တော်ကိုလည်း ခိုင်လုံသည်ထက် ခိုင်လုံစေရန် စီမံ၍၊ စားရေးရိက္ခာလည်း ပြည့်စေရန် လိုပါသေးသည်။ ထိုအခါမှ မုတ္တမသို့အလျင်ချီပြီး၊ တဖန် မုတ္တမအားနှင့် ပြည်ကိုချီရန် သင့်ပါသည်” ဟု လျှောက်တင်ပြီး၊ ကျော်ထင်နော်ရထာကမူ . . .

        “ယခု အထိန်းတော်ကြီးလျှောက်တင်သည်မှာ စစ်ရေးပင်ဖြစ်သဖြင့် အရေးကြီးပါသည်၊ သို့သော် ဟံသာဝတီဘုရင်သည် သူ့မြို့တွင် မခံဝံ့သဖြင့် ပြည်ဘုရင်နှင့် ပူးပေါင်းရန် ပြည်သို့ပြေးလျက် ပေါင်း၍ခံသော်လည်း စစ်သည်အင်အား များလျှင်သာ များပါလိမ့်မည်။ လုပ်ရည်ကြံရည်၊ လက်ရုံးရည်တွင်မူ ကျွန်တော်တို့ကို တုနိုင်လိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် ပြည်ကို အစမ်းချီတက်သင့်ပါသည်။ သာလျှင်လည်း သာသည့်အလျောက် ရွပ်ရွပ်ချွံချွံ လုပ်ကြံပါမည်။ ၎င်းတို့အား စော်ပွားတို့က ကူညီကြ၍ အရေးသာလျှင်လည်း အလျင်အမြန်ပြန်၍ မုတ္တမကို လုပ်ကြံပါမည်။ သို့ပါ၍ ဘုန်းကြီးသည့် အရှင်က ရေကြောင်းမှချီတက်တော်မူပါ၊ ဟံသာဝတီဘုရင်၏ကျွန် ဗညားဒလနှင့် မင်းရဲအောင်တို့၏ တပ်ကို ကျွန်တော်က ကြည်းတပ်မှလိုက်၍ တိုက်ယူပါမည်” ဟု တက်ကြွထက်သန်သည့်စိတ်ဖြင့် လျှောက်တင်သည်။  
 
        တပင်ရွှေထီးသည် ကျော်ထင်နော်ရထာ၏ လျှောက်တင်ချက်ကို နှစ်သက်တော်မူသဖြင့် ပြည်သို့ချီရန် စီစဉ်တော်မူသည်။ ရေကြောင်းချီရန်အတွက် စက်တော်အောက်သို့ ခိုဝင်လာသူများကို ဟံသာဝတီတွင် ဝှက်ထားသော တိုက်လှေများအားယူစေသည်။ ရေကြောင်းချီတပ်တော်တွင် ဘယကျော်သူ၊ သမိန်ပရူး၊ မင်းမဟာ၊ သီရိဇေယျကျော်ထင်၊ ပိုက်ရနဲ၊ လက်ယာပျံချီတို့ပါဝင်ပြီး၊ တပင်ရွှေထီးကိုယ်တော်တိုင်ပင် ချီတော်မူသည်။

            ရေကြောင်းချီတပ်တွင် ဇလာကပင်း၊ ကတ္တူနှင့် လွန်းကြင်တိုက်လှေ (၃၅၀)၊ စစ်သည် (၃၅၀၀၀) ပါရှိပြီး၊ တပ်မှာ (၇)တပ် ဖြစ်သည်။ ကြည်းကြောင်းချီတပ်တွင် တိုက်ဆင် (၇၀)၊ စစ်မြင်း (၃၀၀) နှင့် စစ်သည် (၃၅၀၀၀) ပါဝင်ကာ သတိုးဓမ္မရာဇာ၊ ဘယနန်သူ၊ သမိန်လောက်ရှိန်နှင့် နန္ဒသူရိယတို့က ဦးဆောင်ပြီး၊ စုစုပေါင်းတပ်လေးတပ်ဖြစ်၏။ ဟံသာဝတီတွင်မူ မင်းရဲသိင်္ခသူကို စစ်သည် (၁၀၀၀၀)ကျော်ဖြင့် မြို့စောင့်အဖြစ် ထားရှိခဲ့၏။

            ပြည်သို့ပြေးသည့် သုရှင်တကာရွတ်ပိ၏ ကြည်းကြောင်းချီတပ်ကို မီရန်အတွက် ရှေ့ဆုံးမှ ချီတက်သွားသည့် ကျော်ထင်နော်ရထာ၏ ခြေမြန်တပ်တွင် တိုက်ဆင် (၅၀)၊ စစ်မြင်း (၅၀၀)၊ စစ်သည် (၁၀၀၀၀)နှင့် ဆင်စီးအမတ် (၅)ကျိပ် ပါရှိသည်။

            ထိုသို့ချီတက်ခဲ့ရာ နောင်ရိုးသို့ရောက်သည်တွင် တပ်စခန်းခေတ္တချပြီး၊ စစ်သည်တစ်ဦးအား အမြင့်ဆုံးသစ်ပင်တစ်ပင်ထက်သို့ တက်စေကာ နောင်ရိုးချောင်း၏ တဖက်ကမ်းရှိ သုရှင်တကာရွတ်ပိ၏ ကျွန်တော် ဗညားဒလနှင့် မင်းရဲအောင်နိုင်တို့၏ တပ်အင်အားကို ခန့်မှန်းစေသည်။

            စစ်သည်က ချောင်းတဖက်ကမ်းရှိ ရန်သူ့တပ်၏အင်အားမှာ တိုက်ဆင် (၂၀၀)ကျော်၊ စစ်မြင်း (၈၀၀)ကျော်နှင့် စစ်သည် (၈၀၀၀၀)ခန့် ရှိမည်ဟု လျှောက်တင်သဖြင့် ရန်သူ့ဘက်မှ မိမိတပ်ထက် တပ်အင်အားအနေဖြင့် ဆင်တပ်အင်အား (၄)ဆ၊ မြင်းတပ်အင်အား(၁)ဆ၊ စစ်သည်အင်အား(၈)ဆခန့် များပြားနေသည်ကို ကျော်ထင်နော်ရထာ သိရှိရ၏။

            စစ်အင်အားချင်းမမျှ၊ ရန်သူတပ်က မိမိတပ်ထက် အင်အားများနေသည်ကို သိလိုက်ရသော်လည်း ကျော်ထင်နော်ရထာက စိုးရွံ့တုန်လှုပ်ခြင်းမဖြစ်။ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး မိမိလက်အောက်မှ စစ်သည်အပေါင်းကို ဤသို့မိန့်ကြားလိုက်သည်။

          “ငါ၏သူရဲကောင်း စစ်သည်ရဲမက်အပေါင်းတို့ . . .
          စစ်တို့၏သဘောမှာ လူနည်းသည်၊ များသည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ်ဆင်ရာ၌ ပဓာနဖြစ်သည်။ ငါတို့ ဤနေရာ၌ ကြာရှည်ဆိုင်းနေ၍မသင့်လျော်၊ ရန်သူကို လျင်မြန်စွာ တိုက်ကြမည်၊ နောင်ရိုးချောင်းကို ကူးရန်အတွက် ယခုပင်ဖောင်များအလျင်အမြန် ဖွဲ့ကြရမည်”
          စစ်သည်တို့မှာ ကျော်ထင်နော်ရထာ၏ အမိန့်ကို မည်သူမျှစောဒက မတက်ဝံ့ကြ။ ထို့ကြောင့် အမိန့်အတိုင်း ဖောင်ပန်းတို့ကို အလျင်အမြန်ဖွဲ့ကာ တဖက်ကမ်းသို့ ကူးကြရသည်။ နောင်ရိုးချောင်း တစ်ဖက်ကမ်းသို့ တပ်အားလုံး ရောက်ပြီးသည်တွင် တုရင်ရာဇာသည် မြင်း (၁၀)စီးဖြင့် ရောက်ရှိလာကာ တပင်ရွှေထီးထံမှ အမိန့်တော်ကို ဖတ်ကြားသည်။

          အမိန့်တော်မှာ...
          “ငါမရောက်သေးသမျှ စစ်ကိုမတိုက်ဘဲ ငါ့ကို စောင့်နှင့်ဦး၊ ငါရောက်မှ ငါကိုယ်တော်တိုင် ရန်သူကိုချေမှုန်းတိုက်ခိုက်တော်မူမည်” ဟူ၍ဖြစ်၏။
          သို့သော် ကျော်ထင်နော်ရထာက တုရင်ရာဇာအား . . .
          “အရှင်ဘုန်းတော်ကြောင့် စစ်ကို အောင်မြင်ပြီးလေပြီ ဟု လျှောက်ပါလေ” ဟု ပြန်လည်လျှောက်တင် ခိုင်း၏။
          ထို့နောက် ကျော်ထင်နော်ရထာသည် အကြံဖြင့် မိမိတို့၏ တပ်များ ကူးလာသည့် ဖောင်အားလုံးကို ဖျက်ဆီးစေရာ စစ်သည်တို့မှာ များစွာစိုးရိမ် ထိတ်လန့်ကုန်ကြရ၏။

          “အရှင်သည် စစ်ကိုမတိုက်ရသေးမီကပင် စစ်အောင်မြင်ပြီးဟု မင်းတရားအား လျှောက်တင်စေခဲ့၏။ ယခုလည်း ဖောင်များကို ဖျက်စေပြန်လေပြီ။ အကယ်၍ ကျွန်တော်မျိုးတို့ စစ်ရေးမလှဘဲရှုံးနှိမ့်ခဲ့ပါမူ အားကိုးအားထားပြုရန် ဖောင်များမရှိတော့ပြီဖြစ်သည့်အတွက် မခက်ပါလော” ဟု တပ်မှူးအချို့က အရဲကိုး၍ ကျော်ထင်နော်ရထာကို လျှောက်ကြလေ၏။
            ထိုလျှောက်တင်ချက်ကို ကြားရလျှင် ကျော်ထင်နော်ရထာသည် တင်းမာသောမျက်နှာထားဖြင့် . . .

          “သင်တို့အားလုံး တိုက်ပွဲကျော်သူရဲကောင်းများ ဖြစ်ကြပါလျက်နှင့် စိုးရွံ့ကြောက်လန့်နေကြလေ သလော၊ သင်တို့ အသက်ကို ဤမျှပင် ခင်တွယ်နေကြသလော၊ ငါတို့သည် စစ်ထွက်လာပြီဆိုကတည်းက ငါတို့နိုင်ငံ ငါတို့အရှင်အတွက် ငါတို့အသက်ကို စွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။ ယခု ဖောင်များကို ဖျက်စေသည်မှာလည်း ငါတို့အားလုံး တစ်စိတ်တည်းကို ထားရှိစေရန်ဖြစ်သည်။ ဖောင်များ ရှိနေ၍ ဖောင်များကို အားကိုးလျှင် စစ်ရေးစစ်ရာတွင်အနည်းငယ်အရေးမလှ၊ ယိုယွင်းသည်နှင့် ဖောင်ဆီသို့ အရောက်ပြေးကာ ထွက်ပြေးလိုကြလိမ့်မည်၊ ယခုကဲ့သို့ ဖောင်များမရှိပါမှ ရှေ့သို့မတွန့်ဘဲ သက်စွန့်ရဲရဲ ကြိုးပမ်းတိုက်ခိုက်လျက် အမှုတော်ကို ထမ်းကြလိမ့်မည်ဖြစ်သည်” ဟု သူရဲကောင်းတို့ထားရှိရမည့် သဘောကို ပြတ်သားစွာမိန့်ကြားသည်။

          ဆက်လက်၍လည်း  ...
          “သူရဲကောင်းစစ်သည်တို့ . . .
           စစ်ပွဲကို မတိုက်ရမီကပင် အောင်မြင်လေပြီဟု မင်းတရားကို ငါလျှောက်ထားခိုင်းခဲ့သည်၊ အကယ်၍ အရပ်အနေမသင့်သောကြောင့် ငါတို့ ရှုံးနိမ့်ပါကလည်း မင်းတရားအနေဖြင့် ငါတို့အား အပြစ်တော်တင်လိမ့်မည်ဟု စိုးရွံ့ခြင်းလည်း မဖြစ်ကြပါနှင့်၊ စစ်ပွဲတွင် ရှုံးပါလျှင် ငါတို့လည်း အသက်နှင့်ကိုယ် မြဲနေတော့မည် မဟုတ်၍ သေဆုံးပြီးသောသူအား မင်းတရား မည်သို့ အပြစ်တော်တင်နိုင်ပါမည်နည်း” ဟု မိန့်ဆိုလိုက်သည်။

            ယင်းနောက် ဖောင်များကို လျင်မြန်စွာဖျက်စေပြီး ကျော်ထင်နော်ရထာသည် ရန်သူ့တပ်များကို အနိုင်တိုက်ခိုက်နိုင်ရေးအတွက် စစ်ရေးဗျူဟာ သေနင်္ဂပရိယာယ်ကို အကွက်ကျကျ စီစဉ်ဆောင်ရွက်သည်။ တပ်မှူးများကို . . .
            “ငါတို့ ရန်သူကို တိုက်ခိုက်ရာတွင် ဒွိဇာဓိပဗျူဟာဟုခေါ်သည့် ဂဠုန်တောင်ကဲ့သို့ စစ်ထိုးခြင်းပြုရမည်၊ တောမှိုင်းရဲက ဆင်စီးအမတ်(၁၅)၊ မြင်း (၂၀၀)၊ စစ်သည် (၃၀၀၀)ဖြင့် လက်ယာကြောင်းမှ တိုက်ပါ။ ဘယသင်္ဂြာံက ဆင်စီးအမတ်(၁၅)၊ မြင်း(၂၀၀)၊ စစ်သည်(၃၀၀၀)ဖြင့် လက်ဝဲကြောင်းမှ တိုက်ပါ။ ငါက ဆင်စီးအမတ်(၂၀)၊ မြင်း(၁၀၀)၊ စစ်သည်(၄၀၀၀)ဖြင့် အလယ်ကြောင်းမှ တိုက်မည်” ဟု တာဝန်ပေးသည်။

ထို့နောက်မှ “စွယ်လမန်” အမည်ရှိ ဆင်တော်ကိုစီးလိုက်ကာ အလယ်ကြောင်းမှ ဦးစီး ချီတက်သည်။ ကျော်ထင်နော်ရထာ၏ တပ်များချီလာသည်ကို သုရှင်တကာရွတ်ပိ၏ အမတ်များဖြစ်သည့် ဗညားဒလနှင့် မင်းရဲအောင်နိုင်တို့ မြင်လေလျှင် ကျော်ထင်နော်ရထာ၏ တပ်မှာ အင်အားနည်းလှသည်ကို တွေ့ရသည့်အတွက် စစ်မျက်နှာဖြန့်ကာ ကြိုဆိုလိုက်သည်။

          ကျော်ထင်နော်ရထာသည် တပ်ချင်း နီးကပ်လာသည်နှင့်တစ်ပြိုင်နက် စွယ်လမန်ဆင်တော်ကို ချွန်းဖွင့်ကာ တစ်ဟုန်ထိုးလွှတ်လျက် ဗညားဒလရှိရာသို့ ဦးတည်တိုက်သည်။ ဗညားဒလမှာ ကျော်ထင်နော်ရထာနှင့် ရင်ဆိုင်တိုက်ရန် မဝံ့သဖြင့် ဆင်ပေါ်မှ ဆင်းကာ မြင်းကိုပြောင်းစီးသည်။ ကျော်ထင်နော်ရထာက ရဲဝံ့စွာ တဟုန်ထိုးတိုက်ချိန်တွင် ဘယသင်္ဂြာံနှင့် တောမှိုင်းရဲတို့ကလည်း ညာသံပေးကာ လက်ဝဲလက်ယာကြောင်းတို့မှ အတင်းဝင်ရောက် ထိုးခုတ်ပစ်ခတ် တိုက်ခိုက်ကြလေသည်။ ဆင်ဆင်ချင်း၊ မြင်းမြင်းချင်းတိုက်ကြရာ စစ်ပွဲမှာ ပြင်းထန်လှသည်။  နောက်ဆုံးတွင် မွန်တပ်တို့ စစ်ရေးပြိုကာ လေးစုကွဲသွားသည်။

            မွန်အမတ် မင်းရဲအောင်နိုင်မှာလည်း လက်ယာကြောင်းမှ တောမှိုင်းရဲ၏ လှံချက်ကြောင့် ဆင်ပေါ်တွင် ကျဆုံးသွားသဖြင့် မင်းရဲအောင်နိုင်၏ စစ်သည်များမှ ဆုတ်ပြေးကြလေသည်။ ကျော်ထင်နော်ရထာသည် ရန်သူတပ်မှ ဆင်၊ မြင်း၊ လက်နက်၊ သုံ့ပန်းတို့ကို သိမ်းကောက်ပြီး၊ တပင်ရွှေထီး ရောက်ရှိလာလျှင် ဆက်သရန် အသင့်ပြင်သည်။

           နောင်ရိုးတိုက်ပွဲကို အောင်မြင်ပြီး၊ နောက်တစ်ရက်တွင် တပင်ရွှေထီး၏ တပ်တော် ရောက်ရှိလာသည်။ ရောက်ရှိတော်မူသည်နှင့် တပင်ရွှေထီးက  . . .
          “ကျော်ထင်နော်ရထာ . . . သင်သည် ငါ့ကိုမစောင့်ဘဲ ရန်သူကို တိုက်နှင့်သည်၊ ငါ၏ပွဲကို ဖျက်သည်မဟုတ်လော” ဟု အမေးတော်ရှိသည်။
            ကျော်ထင်နော်ရထာက . . .

           “ယခုနောင်ရိုးတိုက်ပွဲမှာ ဘုန်းတော်ကြီးသည့်အရှင်နှင့် ထိုက်တန်သော စစ်ပွဲမဟုတ်ပါ၊ ကျွန်ုပ်ကျွန်တို့နှင့်သာ ထိုက်တန်သည့်ပွဲဖြစ်ပါသည်၊ ကျွန်ကျွန်ချင်း တိုက်ရသောပွဲဖြစ်၍ အကျွနိုပ်တိုက်ပါသည်၊ နောင်တွင် လုပ်ကြံရမည့်ပွဲလည်း များပါသေးသည်၊ ဟံသာဝတီမင်း၏ တပ်နှင့်တွေ့မှသာ အရှင်တိုက်တော်မူပါ” ဟု စိတ်တော်ပြေစေရန် လျှောက်တင်ပြီး သိမ်းဆည်းရရှိသော ဆင်၊ မြင်း၊ လက်နက်၊ သုံ့ပန်း တို့ကို တပင်ရွှေထီးထံ ဆက်သသည်။

          “ကျော်ထင်နော်ရထာသည် အောင်ပွဲရပုဂ္ဂိုလ်ဖြစ်သည်၊ ငါ၏လက်တော်တို့တွင် ဝတ်ဆင်ထားသော လက်စွပ်၊ ပတ္တမြားလက်ကောက်တို့ကို ရဲဆုအဖြစ် ပေးတော်မူသည်၊ လက်ရှိ ‘ကျော်ထင်နော်ရထာ’ ဘွဲ့မှလည်း ‘ဘုရင့်နောင်’ ဟူသောဘွဲ့ကို ထပ်မံအပ်တော်မူသည်။ လှိုင်မြို့ကိုလည်း စားစေရမည်”
          သို့ဖြင့် ကျော်ထင်နော်ရထာသည် နောင်ရိုးတိုက်ပွဲကို အနိုင်နွှဲခဲ့သည့်အတွက် တပင်ရွှေထီးမှ ချီးမြှင့်သည့် ‘ဘုရင့်နောင်’ ဘွဲ့ထူးကို ရရှိခဲ့သည်။ ဤနောင်ရိုးတိုက်ပွဲအောင်ပွဲကား မြန်မာ့ရာဇဝင်သမိုင်း အစောင်စောင်တွင် မော်ကွန်းထိုးခဲ့ရသည့် သမိုင်းတွင်သောတိုက်ပွဲ ဖြစ်၏။

       ကုန်းဘောင်ခေတ်မှ လက်ဝဲသုန္ဒရအမတ်ကြီး အပါအဝင် မြန်မာပညာရှိများကလည်း ယင်းတိုက်ပွဲကို စကားပြေဖြင့်လည်းကောင်း၊ ကဗျာဖြင့်လည်းကောင်း မှတ်တမ်းတင်ကာ “ဘုရင့်နောင်” ကို စံပြုဖွယ် အာဂသူရဲကောင်းအဖြစ် ရေးဖွဲ့ဂုဏ်ပြုခဲ့ကြသည်။

     ဟံသာဝတီမှထွက်ပြေးခဲ့သော ဘုရင်သုရှင်တကာရွတ်ပိသည် ပန်းမထီးဝတွင် တပ်စွဲလျက်ရှိစဉ် နောင်ရိုးတိုက်ပွဲ၌ မိမိ၏တပ်များ အရေးနိမ့်ကြောင်း သိရှိသွားသည်။ ဤတွင် ပန်းမထီးဝတွင် ဆက်လက်မနေဝံ့တော့ဘဲ ပြည်ဘုရင် နရပတိနှင့်ပူးပေါင်းရန်အတွက် ပြည်သို့ ဆန်တော်မူသည်။ ပြည်သို့ရောက်သောအခါ ပြည်ဘုရင် နရပတိက သုရှင်တကာရွတ်ပိကို ကောင်းမွန်စွာကြိုဆိုသည်။ မင်းနှစ်ပါးဆုံသောအခါ ကေတုမတီ(တောင်ငူ) တပ်များကို တိုက်ရန်အတွက် စစ်ရေးစစ်ရာတိုင်ပင်ကြသည်။

       မိမိတို့၏ တပ်များဖြင့် စစ်သေနင်္ဂဗျူဟာအရာတွင် ကျွမ်းကျင်ပြီး ရဲဝံ့ဖျတ်လတ်သည့် တပင်ရွှေထီး၏တပ်များကို ရင်ဆိုင်တိုက်ခိုက်ရန် မဝံ့ရဲကြသဖြင့် အင်းဝတွင် မင်းပြုနေသော သိုဟန်ဘွား၏ အကူအညီကို ယူသည်။

          အင်ဝဘုရင် သိုဟန်ဘွားကလည်း ဟံသာဝတီကို သိမ်းပိုက်နိုင်သည်အထိ စစ်တံခွန်လွှင့်ထူလာနိုင်သည့် ကေတုမတီ(တောင်ငူ)တပ်များကို စိုးရွံ့နေသည့်အတွက် ဟံသာဝတီတပ်၊ ပြည်တပ်များနှင့် ပူးပေါင်းရန် မိမိကိုယ်တိုင်အင်းဝတပ်ကြီးဖြင့် ပြည်သို့ စုန်ဆင်းသည်။ သို့ဖြင့် ပြည်တွင် သုရှင်တကာရွတ်ပိ၏တပ်၊ နရပတိ၏တပ်၊ သိုဟန်ဘွား၏တပ်တို့ စုမိသွားကာ ကြီးမားသော တပ်အင်အားဖြစ်သွားရသည်။

          နောင်ရိုးတိုက်ပွဲကို အောင်မြင်ပြီးနောက် တပင်ရွှေထီး၏ တပ်များကလည်း ကြည်းကြောင်း၊ ရေကြောင်းနှစ်တပ်ပေါင်းလျက် ပြည်သို့ ဆန်တက်သည်။ ပြည်မြို့တောင်ဘက်ရှိ အင်းပျော့ကျွန်းသို့ ရောက်ရှိသည်တွင် တပ်တော်ကို ချ၍ စစ်ရေးအတွက် အသင့်ပြင်တော်မူသည်။ ရန်သူတပ်များမှာ မိမိတပ်များထက် အင်အားကောင်းသည့်အတွက် မည်သို့ပြုသင့်သည်ကို တိုင်ပင်တော်မူသည်တွင် ဘုရင့်နောင်က . . .

          “ကျွန်တော်မျိုးတို့အနေနှင့် ထိပ်တိုက်တွေ့ဆုံတိုက်ရပါလျှင် ရန်သူဘက်မှ အင်အားကြီးဖြင့်မိမည်ဖြစ်သဖြင့် စစ်ရေးခက်နိုင်ပါသည်။ ထို့ကြောင့် မင်းသုံးပါးတို့၏ ပျားလပို့သဏ္ဌာန် စစ်ဆင်ခြင်း(မဓုဝတ္ထနဗျူဟာ) ကို လေးညို့ဖျန်းထိုးစစ် (ဓနုကဗျူဟာ)ဖြင့် တိုက်မှသာလျှင် သင့်လျော်ပါမည်။ သို့အတွက် စစ်အအုံပျက်ရန် ကျွန်တော်တို့ဆောင်ရွက်ရပါမည်။ တိုက်လှေကြီးအပေါင်းသို့တွင် စိန်ပြောင်း၊ မြတပူအမြှောက်တို့ကို တင်လျက် အင်းပျော့ကျွန်းအောက်ရှိ မြစ်နားနှစ်ဖက်မှ အသင့်စောင့်နေရပါမည်။ ထို့နောက် ညဥ့်သန်ခေါင်တွင် ရန်သူတပ်ရှိရာသို့ ကျွန်တော်တို့တပ်မှ လှေတပ်တစ်တပ်ဆန်တက်ကာ စစ်ရေးငင်ရပါမည်။

 ထိုသို့ စစ်ရေးငင်သည်ကို ရန်သူတပ်မှမြင်၍ ရန်သူ့လှေများလိုက်လာလျှင် အသင့်စောင့်နေသော ကျွန်တော်တို့၏ တိုက်လှေကြီးက  လေးညို့ဖျန်းထိုးစစ်(ဓနုကဗျူဟာ)ဖြင့် တစ်ဟုန်ထိုး ပစ်ခတ်တိုက်ခိုက်ရပါမည်၊ ထိုအခါ ရန်သူ၏လှေတပ်ပျက်ပါလိမ့်မည်” ဟု လျှောက်တင်ရာ တပင်ရွှေထီးသည် စစ်ရေးမြင်လှသော ယောက်ဖတော်ဘုရင့်နောင်ကို  ချီးကျူးတော်မူပြီးလျှင် . . .

          “ကောင်းလှပြီ . . . ထိုအတိုင်းပင် စီရင်စေ၊ ငါကိုယ်တော်တိုင်ပင် ထွက်၍ စစ်ရေးငင်တော်မူမည်” ဟု မိန့်တော်မူသည်။

          ဘုရင့်နောင်သည် တိုက်လှေကြီးများပေါ်တွင် အမြှောက်စိန်ပြောင်းတို့ကို တင်ကာ  အင်းပျော့ကျွန်း၏ အောက်ဖက်တွင် လေတပ်ကို အသင့်ပုန်းလျှိုး၍ နေစေ၏။ ထို့နောက်တပင်ရွှေထီးက ညဥ့်အမှောင်တွင် ရွှေလှေကားတော် နှစ်ဆင်း၌ ဗုံ၊ မောင်း၊ နှဲ၊ ခရာတို့ကို တင်၍ ကိုယ်တော်တိုင် ပြည်မြို့အနီးတိုင်အောင်ဆန်တော်မူကာ ပြည်မြို့နှင့်အနီးဆုံးသိုရရောက်မှ ဗုံ၊ မောင်း၊ နှဲ၊ ခရာတို့ကို တပြိုင်နက်တီးကာ ကြေငြာလိုက်သည်။

           ပြည်လှေတပ်ကလည်း တောင်ငူလှေတပ်မပါဘဲ တပင်ရွှေထီး မင်းတစ်ပါးတည်း ပြည်အနီးသို့ ဆန်တက်လာသည်ကို သိရှိလိုက်ရသည့်အတွက် ချက်ချင်း လှေတပ်ကိုစု၍ မြစ်လုံးပြည့်မျှ ဆင်းလိုက်ကြသည်။ ပြန်လည်စုန်ဆင်းလာသည့် တပင်ရွှေထီး၏  လှေကားတော်နောက်သို့ ရန်သူ့တပ်မှ အမတ်(၆)ဦးတို့ ဦးဆောင်သည့် တိုက်လှေကြီးများကို ရှေ့ဆုံးမှလွှတ်လိုက်၏။ သို့သော် တပင်ရွှေထီးကား စိုးရွံ့ခြင်းမရှိ ရန်သူ့တပ်နှင့် မဝေးမနီးလှော်ခတ်ကာ စစ်ရေးငင်တော်မူသည်။

          တပင်ရွှေထီး စစ်ရေးငင်သည်ကို စိုးရိမ်ခြင်းမရှိသည့် ရန်သူ့လှေတပ်တို့သည် အင်ပျော့ကျွန်းအလွန်သို့ရောက်လျှင် အသင့်ပုန်းလျှိုးစောင့်နေသော  ဘုရင့်နောင်၏ လှေတပ် တို့၏ နောက်မှလိုက်ခြင်းကို ခံကြရတော့သည်။ တိုက်ပွဲတွင် ပြည်လှေတပ်ပျက်ကာ ရန်သူ့အမြောက်များကျဆုံး၍ အမတ်(၆)ယောက်ကိုလည်း အရှင်လက်ရဖမ်းမိလိုက်သည်။ ကုန်းပေါ်သို့ထွက်ပြေးကြသူများမှာလည်း ကုန်းပေါ်ရှိကေတုမတီစစ်သည်တို့၏ ဖမ်းဆီးခြင်းကို ခံကြရသည်။

          ထိုတိုက်ပွဲတွင် လှေကြီး(၆)စင်းနှင့်အတူ တိုက်လှေ(၂၀၀) သုံ့ပန်း(၅၀၀၀)ကျော်ကို ရရှိလိုက်သည်။ ထိုသို့ ရန်သူ၏လှေတပ်ကို အောင်မြင်တော်မူပြီးလျှင် တပင်ရွှေထီးသည် ဟံသာဝတီမှာလည်း အနေအထား မကျသေးသည့်အတွက် တိုက်ပွဲကို မဆက်ပဲ တပ်ကိုရုပ်ကာ ပြန်လည်စုန်ဆင်းတော်မူသည်။ တပင်ရွှေထီးပြန်တော်မူလေလျှင် ပြည်မင်း၊ အင်းဝမင်းနှင့် သုရှင်တကာရွတ်ပိတို့သည် မင်းသုံးပါးတပ်တို့ပေါင်းလျှက် ဟံသာဝတီကိုချီ၍ လုပ်ကြံကြရန်နှင့် ဟံသာဝတီကို ပြန်ရလျှင် မွန်မင်း သုရှင်တကာရွတ်ပိကို နန်းတင်မည်ဟုတိုင်ပင်သဘောတူကြလေ၏။

သုရှင်တကာရွတ်ပိသည် မိမိ၏တပ်အင်အားကို ပြန်လည်စုစည်းနိုင်ရန် ပြည်မြို့မှ အင်္ဂပူသို့ပြန်သည်။ အင်္ဂပူတွင် စစ်ရေး၌ အရေးထားရသည့် ဆင်တပ်ကိုတိုးချဲ့ရန် လုံးပမ်းသည်။ ထိုသို့လုံးပမ်းနေစဉ် အင်္ဂပူတောတန်းတွင် ဆင်ကောင်ပေါ်သည်ဟု သတင်းကြားရသဖြင့် တိုက်ဆင်(၇၀)၊ ရဲမက်(၁၀၀၀)ဖြင့် ဆင်ကျော့ရန်ထွက်လေသည်။ ဆင်ကိုတွေ့သော်အကျော့မခံဘဲ ထွက်ပြေးသွားသဖြင့် လက်ရဖမ်းမိရန်အတွက် ဆင်တော်တစ်စီးဖြင့် နောက်မှလိုက်သည်။

           ဆင်ရလိုစိတ်ဇောဆန္ဒဖြင့် အားသွန်လိုက်ရင်းမှ နက်ခေါင်လှသော တောကြီး အတွင်းသို့ ရောက်ရှိသွားခဲ့ကာ ရေကြည်တော်ငတ်သဖြင့် ဆင်တော်ပေါ်မှဆင်းကာ ရေအိုင် တစ်ခုတွင် ရေကြည်တော်သောက်သည်။ ထိုစဉ် သုရှင်တကာရွတ်ပိ၏ရှေ့၌ နတ်သမီးတစ်ပါး ဘွားခနဲ့ပေါ်လာသည်။ နတ်သမီးကို မြင်ရသည်တွင် သုရှင်တကာရွတ်ပိမှာ အံ့သြခြင်းကြီးစွာဖြစ်ရသကဲ့သို့ ရမ္မက်ဇောတို့ကလည်း ကြွလာရသည်။

          ထို့နောက် မင်းကြီးရင်ခွင်တွင်းသို့ တိုးဝင်လိုက်လေရာ  မင်းကြီးက အတွေးနှင့် မိန်းမောနေရာမှ မျက်လုံးကို ပြန်ဖွင့်အကြည့်တွင် ရင်ခွင်တွင်းမှ နတ်သမီးမှာ မရှိတော့၍ တပ်မက်စွဲလမ်းခြင်းဝေဒနာကို ကြီးစွာ ခံစားနေရတော့သည်။
   သုရှင်တကာရွတ်ပိသည် အင်္ဂပူစံနန်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း နတ်သမီးကို မမေ့နိုင်မပျောက်နိုင်ဖြစ်ရကာ သမားဟူးရားတို့ဖြင့် ကုသသော်လည်း မရတော့ဘဲ စံနန်းတော်သို့ ရောက်သည့်ညဥ့်၌ပင် နတ်ရွာစံတော်မူရလေ၏။

(မှတ်ချက်။           ။ မြန်မာ့သမိုင်းတွင် သုရှင်တကာရွတ်ပိမင်းကဲ့သို့ပင် နတ်သမီးနှင့်တွေ့ပြီး နတ်ရွာစံရသည့် မင်းတစ်ပါးလည်း ရှိသေး၏။ ထိုမင်းမှာ အင်းဝဆင်ဖြူရှင် ဘွဲ့ခံမင်းဖြစ်သည်။ အောင်ပင်လယ်ကန်သို့ တောကစားထွက်ရာမှ နတ်သမီးနှင့်တွေ့ရပြီး သုရှင်တကာရွတ်ပိကဲ့သို့ပင် နတ်ရွာစံခဲ့ရသည်။ )

          သုရှင်တကာရွတ်ပိမင်း နတ်ရွာစံကြောင်းကို မိဖုရားများ၊ သားတော်၊ သမီးတော်များနှင့် မှူးမတ်တို့က ပြည်ဘုရင် နရပတိနှင့် အင်းဝဘုရင်သိုဟန်ဘွားသို့ အကြောင်းကြားကြရာ မဟာမိတ် ဘုရင်နှစ်ပါးမှာ မွန်မင်း သုရှင်တကာရွတ်ပိအတွက် ပူဆွေးဝမ်းနည်းတော်မူကြပြီး အင်္ဂပူသို့ သွားရောက်ကြကာ အလောင်းတော်ကို ကောင်းမွန်စွာသဂြိုလ်ကြ၏။

          ထို့နောက်မင်းနှစ်ပါးသည် မိဖုရား၊ သားတော်၊ သမီးတော်များနှင့် ဆင်ကောင်း၊ မြင်းကောင်းတို့ကို သိမ်းယူ၍ ပြည်သို့ပြန်ကြသည်။ ပြည်သို့ရောက်လျှင် အင်းဝဘုရင် သိုဟန်ဘွားက သုရှင်တကာရွတ်ပိ၏ သားတော်များနှင့် သမီးတော်များကို သားသမီးအဖြစ်မွေးမြူချီးမြှောက်မည်ဆိုကာ အင်းဝသို့ခေါ်ဆောင်သွားသည်။

          ပြည်ဘုရင်မှာလည်း သုရှင်တကာရွတ်ပိ နတ်ရွာစံသွားသည့်အတွက် တပင်ရွှေထီးကို တိုက်ရန် အားလျော့သွားရသည်။ အင်းဝဘုရင် သိုဟန်ဘွားကိုလည်း ယုံကြည်စိတ်ချရန်မဝံ့။ ထို့ကြောင့် အရေးရှိလာက အကူအညီရရန်အတွက် နှမတော် ပဲခူးမိဖုရားကို ရခိုင်သို့ပို့ရာ ရခိုင်ဘုရင်က ပြည်ဘုရင်၏နှမတော်ကို မိဖုရားမြှောက်တော်မူသည်။ ပြည်ဘုရင်မှာလည်း သက္ကရာဇ်(၉၀၀) ပြည့်နှစ်တွင် ဝမ်းရောဂါနှင့် နတ်ရွာစံတော်မူသည်။
       
        ပြည်ဘုရင် နတ်ရွာစံလျှင် ပြည်ထီးနန်းကို ညီတော် ရှင်သရက်က သိမ်းပိုက်သည်။ ဘုရင်ဖြစ်လာသောအခါ ‘မင်းခေါင်’ ဟူသောဘွဲ့ကို ခံယူသဖြင့် ‘ပြည်ဘုရင်မင်းခေါင်’ ဟု ထင်ရှားသည်။ မင်းခေါင်သည် နောင်တော်နရပတိ၏ မိဖုရားကြီးဖြစ်သည့် မရီးတော်သီရိဘုန်းထွတ်ကိုပင် မိဖုရားခေါင်ကြီးအဖြစ် ဆက်လက်ချီးမြှောက်တော်မူသည်။

           သီရိဘုန်းထွတ်မှာ အဆင်းရူပါအလွန်လှပပြီး ဘုန်းကျက်သရေဖြင့်လည်း ပြည့်စုံသဖြင့်  မြန်မာ့သမိုင်းတွင် အချောဆုံး အလှပဆုံး၊ ကျက်သရေအရှိဆုံး မိဖုရားတစ်ပါးအဖြစ် မှတ်တမ်းတင်ခြင်းခံရသည်။ သီရိဘုန်းထွတ်မှာ အင်းဝရွှေနန်းကြော့ရှင် နရပတိနှင့် ဓမ္မဒေဝီမိဖုရားကြီးတို့၏ သမီးတော်ဖြစ်သည်။ သက္ကရာဇ်(၈၈၆) ခုနှစ်တွင် ပြည်ဘုရင် သတိုးမင်းစောနှင့် မိုးညှင်းစလုံတို့ အင်းဝကို စစ်ခင်း၍ အင်းဝပျက်ရာ ပြည်ဘုရင်က သီရိဘုန်းထွတ်ကို ပြည်သို့ ယူဆောင်သွားသည်။

            ထို့နောက် ပြည်ဘုရင် နရပတိလက်ထက်တွင် နရပတိက မိဖုရားမြှောက်သည်။  နရပတိနတ်ရွာစံသောအခါ ညီတော်မင်းခေါင်က မိဖုရားဆက်မြှောက်သည်။ သီရိဘုန်းထွတ် သက်တော်(၃၆)နှစ် အရွယ်သို့ရောက်သောအခါ ချစ်မြတ်နိုးတော်မူ၍ ဘုရင့်နောင်က မိဖုရားကြီးမြှောက်ပြန်သည်။ သီရိဘုန်းထွက်မှာ ‘စန္ဒာဒေဝီ’ ဟူသော ဘွဲ့ဖြင့် ထင်ရှားကျော်ကြားသည်။ ဘုရင့်နောင်နှင့်စန္ဒာဒေဝီဘွဲ့ခံ သီရိဘုန်းထွတ်တို့မှ မင်းခင်စောကို ဖွားမြင်သည်။ မင်းခင်စောနှင့် တောင်ငူရွှေနန်းတည်ဘုရင် မင်းရဲသီဟသူတို့ သင့်မြတ်ရာမှ မြန်မာ့သမိုင်းတွင် ရတုစာဆိုဘုရင်အဖြစ် ထင်ရှားသည့်သားတော် နတ်သျှင်နောင်ကို ဖွားသည်။  သီရိဘုန်းထွတ်၏ ဆွေစဉ်မျိုးဆက်တို့ကား အချောအလှဂုဏ်တွင် ထင်ရှားကြ၏။

ဆက်ရန်
စာရေးသူ ကိုဟိန်းဇေ