17.11.16

ယုန်နဲ့ ခြင်္သေ့



အပိုင်း (၁) 


ယုန်ဖြူလေးက တောင်ခြေက လှိုင်ဂူတစ်ခုရှေ့မှာစာရေးနေတယ်။ မြေခွေးတစ်ကောင်က အနားကပ် လာပြီး ယုန်ကိုမေးတယ်။ 

“မင်းဘာအကြောင်းရေးနေတာလဲ” 

ယုန်ကပြန်ဖြေတယ်။ "အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကို ဘယ်လို သတ်စား လိုက်တယ်" ဆိုတဲ့အကြောင်းလေး ရေးနေတာ။

မြေခွေးက မယုံဘူး။ ဒါနဲ့ ယုန်က မြေခွေးကို လှိုဏ်ဂူထဲခေါ်သွားတယ်။ ခဏကြာတော့ ယုန် တစ်ကောင် ထဲ လှိုဏ်ဂူထဲကပြန်ထွက်လာပြီး စာဆက်ရေးနေတယ်။

နောက်တစ်ခါ တောဝက်တစ်ကောင်က အနားကပ်လာပြီး ယုန်ကို မေးတယ်။ 

“မင်းဘာအကြောင်းရေးနေတာလဲ” 

ယုန်ကပြန်ဖြေတယ်။ "အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က တောဝက်ကို ဘယ်လို သတ်စား လိုက်တယ်" ဆိုတဲ့အကြောင်းလေး ရေးနေတာ။

တောဝက်ကလည်း မယုံဘူး။ ဒါနဲ့ ယုန်က တောဝက်ကို လှိုဏ်ဂူထဲခေါ်သွားတယ်။

နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့တစ်ကောင်က မြေခွေးအရိုးစုနဲ့ တောဝက်အရိုးစု ကြားထဲမှာ မိန့်မိန့်ကြီး ထိုင်နေတယ်။ အင်မတန် ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့ စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်။

"ဝန်ထမ်းတစ်ဦးရဲ့ စွမ်းရည်က သူဌေးအပေါ်လည်းအများကြီးမူတည်ပါတယ်။"

သင်ခန်းစာ - လူတစ်ယောက်ရဲ့ စွမ်းရည်ရှိမရှိထက် အဲဒီလူက ဘယ်သူနဲ့ လက်တွဲလုပ်နေသလဲ အပေါ် မူတည်တယ်။ သင်ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် သူဌေး Background မကောင်းရင် အလကား ပဲ။ တစ်ခါတစ်လေ စိုက်ထုတ်မှုထက် ရွေးချယ်မှုက အများကြီး အရေးပါတယ်။ တစ်ချက် အရွေးမှား သွားတာနဲ့ နောက်က ကြိုးစားသမျှအချည်းအနှီးပဲ။ သင်ရွေးချယ်တဲ့ ကုမ္ပဏီနဲ့ သူဌေးက Background တောင့်ရဲ့လား။

အပိုင်း (၂) 


ယုန်ဖြူလေးက ဒီအကြောင်းကို သူ့သူငယ်ချင်းကို လွှတ်ခနဲပြောပြမိလိုက်တယ်။ သတင်းက ချက်ချင်း ကြီးပြီးတော့ တောအုပ်ထဲမှာ ပျံ့နှံ့သွားတယ်။ ခြင်္သေ့ကြီးက ဒေါသ အရမ်းထွက်သွားတာပေါ့။

“ဒီတစ်ပတ်အတွင်း ငါ့ကို အစာမပို့ပေးနိုင်ရင် မင်းကိုသတ်စားပစ်မယ်” လို့ ခြိမ်းခြောက်တယ်။

ဒါနဲ့ ယုန်ကလေးက မှိုင်တိုင်တိုင်လေးနဲ့ လှိုဏ်ဂူဝ မှာ စာဆက် ရေးတယ်။ ဒရယ်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်။ 

“မင်းဘာအကြောင်းရေးနေတာလဲ။ တတောလုံးတောင် သိနေပြီ မင်းအကြောင်းကို... ဟဟ” 

ယုန်ကပြန်ဖြေတယ်။ "ယုန်ဖြူငယ်လေး အလုပ်ထွက်တော့မယ် ဆိုတဲ့အကြောင်းလေး ရေးနေတာ။ ခြင်္သေ့က ကျနော့်ကို အလုပ်ဖြုတ်မယ်လုပ်နေတယ်။ ကျနော့်အစား အခြားတစ်ယောက်လိုတယ်တဲ့။ ကိုဒရယ်ကြီး ဒီရာထူးကို မလိုချင်ဘူးလားဗျာ..။"

ဒရယ်ကြီး တွေဝေသွားပြီးတော့ ခနစဉ်းစားလို့ လက်ခံလိုက်တယ်။ ဒါနဲ့ ယုန်က လှိုဏ်ဂူထဲ ဝင်ပြီး ခြင်္သေ့ကြီးဆီမှာ အင်တာဗျူး ဝင်ခိုင်းတယ်။ ဒရယ်ကြီး ဝင်သွားတယ်။ ပြန်ထွက်မလာတော့ဘူး။

ယုန်ကလေးက စာဆက်ရေးတယ်။ မြင်းတစ်ကောင် ထပ်လာတယ်။ ခုနလိုပဲပြောပြီး ခြင်္သေ့ကြီးဆီမှာ အင်တာဗျူး ဝင်ခိုင်းတယ်။ 

နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ဖတ်ကြည့်လိုက်တယ်။

"ဘယ်လိုအခြေအနေပဲရောက်ရောက် Marketing ကောင်းရင် ရလဒ်ဆိုတာ ရှိစမြဲပဲ။"

သင်ခန်းစာ - မိမိတို့ရုံးက ကိစ္စအပြင်မပေါက်ကြားပါနဲ့။ ပေါက်ကြားမိပြီဆိုရင် အလားတူအတိုင်း အစွမ်း ထက်တဲ့ နည်းနဲ့ အမြန်ဆုံး ပြန်ဖာထေးသင့်တယ်။ ဝန်ထမ်းကောင်းက သူဌေးအတွက် တီထွင်ဖန်တီးမှု အိုင်ဒီယာ အမြဲရှိနေရမယ်။ သူဌေးက မင်းဖန်တီးတဲ့ လမ်းကို နှစ်ခြိုက်နေပြီ ဆိုရင်တော့ မင်းရဲ့ ပန်းတိုင် ဟာ မဝေးတော့ပါဘူး။

အပိုင်း (၃) 


ခြင်္သေ့ကြီးက တစ်နေ့တစ်ခြား ပိုပိုကြီးထွားလာတယ်။ ယုန်ကလေး ဆက်သတဲ့အစာကို သူစားမဝ တော့ဘူး။ ဒါနဲ့ ယုန်ကိုထပ်ခြိမ်းခြောက်တယ်။

“ငါ့ရဲ့ အစာလိုအပ်မှုက ခါတိုင်းထက် နှစ်ဆဖြစ်သွားပြီ။ ခါတိုင်း ၄ရက်ကို တစ်ကောင်စားတယ်။ အခု ၂ရက်ကို ၁ကောင်စားမယ်။ တကယ်လို့ တစ်ပတ်အတွင်းမှ မပြောင်းလဲပေးနိုင်ဘူးဆိုရင် ငါမင်းကို သတ်စားရလိမ့်မယ်” တဲ့။

ဒါနဲ့ ယုန်က လိုဏ်ဂူဝ က ထွက်ခွာသွားတယ်။ တောအနက်ကြီးထဲ ပြေးဝင်သွားတယ်။ တစ်နေရာ ရောက်တော့ တောင်ဆိတ်နဲ့တွေ့တယ်၊ “အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က တောင်ဆိတ်ကို သတ်စား လိုက်တာယုံလား။” တောင်ဆိတ်မယုံဘူး။ ဒါနဲ့ တောင်ဆိတ်ကို လှိုဏ်ဂူထဲထိ လမ်းပြ ခေါ်ဆောင်သွားတယ်။

ခဏကြာတော့ ယုန်တစ်ကောင်တည်း ထွက်လာတယ်။ ခုနလိုပဲ တောနက်ထဲထပ်ဝင်သွားတယ်။ သိုးတစ်ကောင်နဲ့ ထပ်တွေ့တယ်။ အဲလိုနဲ့ပဲ လှိုဏ်ဂူထဲထိ ခေါ်သွားပြန်တယ်။ 

လှိုဏ်ဂူထဲက ခြင်္သေ့ကြီး တွေးတယ်။ "လတ်စသတ်တော့ တောနက်ထဲမှာ ငါတို့ အကြောင်းကို မသိကြသေးဘူးပဲ။ ဒါကို ယုန်က တွက်တတ်တယ်။"

လှိုဏ်ဂူထဲက ခြင်္သေ့ကြီးဟာ အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးနေရင်း ယုန်ကလေး လာပို့တဲ့ စာတိုလေးကို ဖတ်ကြည့်လိုက်တယ်။
u
"ဈေးကွက်ဆိုတာ တစ်နေရာမှာ ရိုးသွားပေမယ့် နောက်တစ်နေရာမှာ သစ်နေဆဲ။"

သင်ခန်းစာ - ဈေးကွက်ကိုမနားတမ်းထိုးဖောက်ပါ။ တစ်နေရာမှာ ရိုးအီသွားတဲ့ ကုန်တွေကို အသုံး ချနိုင်မယ့် နောက်တစ်နေရာကို အမြဲ တစေ ရှာဖွေနေပါ။ မတူညီတဲ့ နေရာဒေသကို လုပ်ငန်း ထိုး ဖောက်ခြင်းဟာ မထင်မှတ်တဲ့ရလာဒ်ကောင်းတွေရနိုင်တယ်ဆိုတာယုံပါ။ တကယ်လို့ မထိုးဖောက်    ချင်ခဲ့ရင်တောင် စိတ်ပြေလက်ပျောက်ထသွားကြည့်ပါ။

အပိုင်း (၄)


အချိန်ကာလတွေကြာလာတဲ့ အလျောက် စားလိုက်အိပ်လိုက်နဲ့ ခြင်္သေ့ကြီးဟာ တစ်နေ့ တစ်ခြား ဝ လာတယ်။ ဒါနဲ့ အပြင်ထွက်လမ်းလျှောက်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဂူဝလည်းရောက်ရော သူ့ကိုယ်လုံးက ဂူဝထက် မတရားကြီးမားနေတာကိုတွေ့တယ်။ ဘယ်လိုမှ ထွက်လို့မရတော့ဘူး..။

ယုန်က ဂူဝကနေ ခြင်္သေ့အဖြစ်ကို ကြည့်ပြီးရယ်ပြီးပြောတယ်။ "နောက်ဆုံးတော့ ငါမျှော်လင့်နေတဲ့ ရက်ကို ရောက်လာပြီပဲ။ ဒီနေ့က စပြီး ငါဘာပြောပြော မင်းနားထောင်ရမယ်။ တစ်နေ့ မနက်တစ်ခါ ညနေတစ်ခါ ဂူအတွင်းကနေ ဟိန်းသံ ပေးရမယ်။ နို့မို့ စားဖို့အစာမပို့ပေးတော့ဘူး။” 

ခြင်္သေ့ကြီးက မဆိုင်းမတွဘဲ "ရပါတယ်။ ရပါတယ်။ ငါ့ကိုစားစရာသာပို့ပေးရင် မင်းဘာခိုင်းခိုင်း လုပ်ပေးပါ့မယ်။"

ဒီအချိန်မှာ ယုန်ထပ်ရေးထားတဲ့စာကြောင်းတိုလေးကို တွေ့လိုက်ရတယ်။

“ဗျူဟာရဲ့ အဆုံးမှာ ခွန်အားကြီးတဲ့သူတောင် ပညာရှိတဲ့သူကိုဝပ်တွားရတာပဲလေ” တဲ့။

သင်ခန်းစာ ၁ - ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်သွားပြီဆို ဘယ်သူဌေးမှ လက်လွတ်မခံတော့ပါဘူး။ အဲအချိန်ကျရင် အခြား ကုမ္ပဏီပြောင်းမလား။ သူဌေးကို လစာပဲတိုးခိုင်းမလား မင်းစိတ်ကြိုက်ပေါ့။ မင်းနာမည်က ဟိုးတစ်လေးကျော်နေပြီပဲလေ။

သင်ခန်းစာ ၂ - ဂူထဲမှာ အမြဲအောင်းနေတဲ့ သူဌေးမလုပ်မိပါစေနဲ့။ အမြဲ အပြင်လောကနဲ့ ထိတွေ့ ဆက်ဆံပါ။ ဝန်ထမ်း တစ်ယောက်တော်လာပြီဆိုရင် သူနဲ့ အတူ ပညာတော်သင် ဝန်ထမ်း ခန့်အပ်ပါ။ ပထမလူတော်သလို ဒုတိယ ပညာသင်ဝန်ထမ်းကိုလည်းတော်အောင်လုပ်ပါစေ။ ဒါမှ နှစ် ယောက်လုံး အလုပ်မြဲနေမှာပါ။ ဝန်ထမ်းဗိုလ်ပြန်ကျတာမခံချင်ရင် နားကိုစွင့်ပါ။ ဝန်ထမ်းထက် ကြိုမြင်တတ်ပါ။ နို့မို့ ဝန်ထမ်း ပြန်ရောင်းစားခံရမှာ အမှန်ပင်။

အပိုင်း (၅)


ယုန်ရဲ့နာမည်က ကြီးသတဲ့ထက်ကြီးလာခဲ့တယ်။ တောထဲမှာ သူပြီး ဘယ်သူမှမရှိတော့ဘူး။ ခြင်္သေ့ ကတောင် သူ့ကိုကြောက်နေရတာအားလုံးသိသွားတယ်။

ဒါနဲ့ပဲ တောထဲမှာ ယုန်က စတင်မွှေပါလေရော။ အပေါ်အနိုင်ကျင့်၊ အောက်အနိုင်ကျင့်နဲ့၊ ခြင်္သေ့အသံနဲ့ လုပ်စားနေတယ်ပေါ့။ နောက်ဆုံး တစ်နေ့မှာ အဲဒီနာမည်ကြီးတဲ့ယုန်ကို မုဆိုးက အရှင်လတ်လတ် ထောင်ဖမ်းသွားတယ်။ ဂူဝမှာ စာတိုလေးပြန်ကပ်ထားခဲ့တယ်။

“တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်” 

သင်ခန်းစာ - မိမိကိုယ်မိမိဘဝမမေ့ပါစေနဲ့။ မိမိထက်သာတဲ့ပြိုင်ဘက်က မိမိကိုအသာလေး အလဲ ထိုးနိုင်မယ်ဆိုတာသိထားပါ။ အောက်ခြေမလွတ်ပါနဲ့။ မိမိထက် ရာထူးနိမ့်သော သူများကို တလေး တစား ဆက်ဆံပါ။ မမောက်မာပါနဲ့။ တစ်ယောက်ယောက်နဲ့ ချွန်ပြီးခြေထိုးခံရကိန်းရှိသည်။

အပိုင်း (၆) နိဂုံး


တောထဲမှာ အရင်ကလိုပုံမှန်ပြန်ဖြစ်သွားတယ်။ ယုန်နဲ့ခြင်္သေ့အကြောင်းနဲ့ ယုန်ကမြေခွေးကိုစားတဲ့ ပုံပြင်တွေလည်းမေ့ကုန်တယ်။

အရမ်း အရမ်းကိုကြာပြီးတဲ့နောက်မှာ ကျားပျိုလေးက ဒီပုံပြင်လေးကို ပြန်ကြားမိသွားတယ်။ အရမ်း လည်း စိတ်အားထက်သန်သွားတယ်။ ဒါနဲ့ပဲ မျောက်တစ်ကောင်ကို ဖမ်းလိုက်ပြီး အဲဒီလို လုပ်ဇာတ် ဖန်တီးကြမယ်။ မလုပ်ဘူးဆိုရင် သတ်ပစ်မယ် ဆိုပြီးတော့ ခြိမ်းခြောက်တယ်။

မျောက်လည်း သဘောတူလိုက်တယ်။ ဒါနဲ့ ကျားက သဘောကျပြီး လှိုဏ်ဂူကြီးထဲဝင်သွားတယ်။ လိုဏ်ဂူထဲမှာ မျောက်ကို စောင့်နေလိုက်တာ သုံးရက်လုံးလုံး တစ်ကောင်မှ လာမပို့ဘူး။ မအောင့်နိုင်တော့တာနဲ့ ဂူပြင်ထွက်ကြည့်တယ်။ လတ်စသတ်တော့ မျောက်မသားက လစ်သွားတာ ကြာပြီ။ မြေကြီးပေါ်မှာတော့ စာတိုလေးတစ်စောင်ထားခဲ့တယ်။

"သူဌေးတစ်ယောက်ဖြစ်ဖို့ ဝန်ထမ်းကိုဘယ်လိုစည်းရုံးရမလဲ အရင်နားလည်အောင်လုပ်ပါဦးလို့"

သင်ခန်းစာ - လုပ်ဆောင်မှုတိုင်းဟာ လူတိုင်းအပေါ် အသုံးမတည့်ကြပါဘူး။ အခွင့်အရေးနဲ့ အချိန် အပ်စပ်မှု ရှိမရှိကို မသိဘဲ ရှေးရိုးထုံးကြီး လမ်းစဉ်နောက် ကို လိုက်မိရင်တော့ ရှုံးနိမ့်ရမှာ မလွဲမသွေ ပင်။      





No comments:

Post a Comment