17.11.16
အကြွေးရှင်နှင့် ဥာဏ်ကောင်းတဲ့မိန်းကလေး
ဟိုးရှေးရှေးတုန်းက လယ်သမား တစ်ဦးဟာ ချစ်တီးဆီက ငွေချေးခဲ့ပြီး အတိုး ပမာဏ ကြီးမားလွန်း တာကြောင့် လယ်သမား ကြီးဟာ တဖြည်းဖြည်းနဲ့ အတိုးငွေထဲမှာ နစ်လာပြီး ပြန်မဆပ်နိုင် ဖြစ်လာ ခဲ့တယ်တဲ့။
တစ်နေ့တော့ လယ်သမားကြီး ဆီကို ချစ်တီးရောက်လာတယ်။ လယ်သမားကြီးဆီမှာ အရမ်းချောမော လှပတဲ့ သမီး တစ်ယောက် ရှိတာကို ချစ်တီးက အစထဲက မျက်စိကျ နေတော့ "အဘိုးကြီး... ခင်ဗျား အကြွေးတွေ အားလုံးကို ကျုပ်ပြန်မယူဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါပေမယ့် တန်ရာတန်ကြေး အနေနဲ့ ခင်ဗျား သမီး ကို ကျုပ်သိမ်းရလိမ့်မယ်။" လို့ တင်တင်စီးစီး လာ ညှိနှိုင်းတာပေါ့။
ဒီအခါမှာ လယ်သမားကြီးက ငိုယိုလို့ တောင်းပန်တာပေါ့။ ရုပ်ကလဲဆိုး အသက်ကလဲ ကြီးပြီဖြစ်တဲ့ ချစ်တီးလက်ထဲတော့ ဘယ်မိဘမှ ကြည်ကြည်ဖြူဖြူ ထည့်နိုင်မှာ မဟုတ်ဘူးလေ။
ဒီတော့ ချစ်တီးက - "ကောင်းပြီ။ ဒါဆို ကံတရားကို ကျုပ်တို့ ဆုံးဖြတ်ခိုင်း ကြရအောင်လား။ ကျုပ် ဟောဒီ ကတ္တီပါ အိတ်ကလေး ထဲကို ကျောက်ဖြူတစ်လုံး ကျောက်မဲတစ်လုံး ထည့်လိုက်မယ်။ ပြီးရင် ကာယကံရှင် ဖြစ်တဲ့ မိန်းမပျိုလေး ကိုယ်တိုင် ကတ္တီပါအိတ်ထဲက ကျောက်တစ်လုံးကို မျက်စိမှိတ်ပြီး နှိုက်ရမယ်။"
ချစ်တီးက ဆက်ပြောတယ်။ "အကယ်၍ မိန်းကလေး နှိုက် တဲ့ ကျောက်ဟာ အမဲဆိုရင် ကျုပ်ကို သူ လက်ထပ် ရလိမ့် မယ်။ ကျုပ်ကလဲ အကြွေးတွေကို ချေပေးပါ့မယ်။ အကယ်၍ ကျောက်အဖြူ ဆိုရင် တော့ မိန်းကလေး ကျုပ်ကို လက်ထပ် စရာ မလိုတော့ ပါဘူး။ ဒါ့အပြင် အကြွေးတွေကိုလည်း ကျုပ်ကပဲ သဘောထား ကြီးစွာ ချေပေးပါ့မယ်။ အဲ... မိန်းကလေးက ကတ္တီပါအိတ်ထဲကို လက်နှိုက်ဖို့ ငြင်းဆန် ခဲ့ရင်တော့ အဖေဖြစ်တဲ့ ခင်ဗျားကို ထောင်ချပစ်မယ့် အပြင် အကြွေးတွေအကုန်လုံးကို သူဆပ်ရလိမ့် မယ်။"
လယ်သမားကြီးဟာ မျက်မှောင် ကုတ်လို့စဉ်းစားနေတုန်း ချစ်တီးဟာ သူတို့အောက်က ကျောက်မဲ ၂ လုံးကို လယ်သမားကြီး မမြင်အောင် အမြန် ကောက်ယူပြီးတော့ ကတ္တီပါအိတ်ထဲ ထည့်လိုက်တယ်။ ဒါကို ဘေးမှာ ရပ်နေတဲ့ လယ်သမားသမီးက မြင်သွားခဲ့တယ်။
ပြီးတော့ ချစ်တီးက မိန်းကလေး ဘက်ကို ကတ္တီပါအိတ် ထိုးပေးရင်း "ကဲရော့... မိန်းကလေး.. သေချာ နှိုက်နော်။" လို့ ပြောတယ်။
ကဲ.. ဒီတော့ ဘယ်လိုလုပ်ကြမလဲ။ ခင်ဗျားတို့သာ မိန်းကလေးနေရာမှာဆိုရင် ဘယ်လိုဖြန့်ထွက် စဉ်းစား ကြမလဲ။ ပတ်ဝန်းကျင်ရယ် ဖြစ်စဉ်ရယ် ရွေးချယ်မှုရယ် အချိန်ရယ် အားလုံးကို တစ်သားထဲ စဉ်းစားလို့ ဆက်မဖတ်ပဲ ဖြေကြည့်ပါ။ သင်သာ မိန်းမပျိုလေးကို အကြံပေးခွင့် ရမယ်ဆိုရင် ပြဿနာကနေ ဖြန့်ထွက်လို့ ဘယ်လို ဖြေခိုင်းမလဲ။
မိန်းကလေးရဲ့ အဖြေ
မိန်းကလေးဟာ ကတ္တီပါအိတ်ထဲကို ယုံယုံကြည်ကြည် လက်နှိုက် လိုက်တယ်။ ကျောက်ခဲကို ဆွဲထုတ်လိုက်တယ်။ ကြည့်တောင် မကြည့်ပဲ ကျောက်ခဲကို ချက်ချင်း အောက်ပစ်ချလိုက်တယ်။ ကျောက်ခဲလေးဟာ မြေကြီးပေါ်က ကျောက်တွေကြားထဲမှာ ရောပျောက် သွားပါတယ်။
ပြီးတော့မှ တည်တည်ငြိမ်ငြိမ်နဲ့ပဲ - "အို.. ပေါ့ဆလိုက်တဲ့ ကျွန်မ လက်တွေပဲရှင်။ တောင်းပန်ပါတယ်။ ဒါပေမယ့် ပြဿနာတော့မရှိပါဘူး ချစ်တီးကြီးရယ်။ ရှင့်အိတ်ထဲမှာ တစ်လုံးကျန်မှာပဲ။ ဒါကို ကြည့် လိုက်ရင် ကျွန်မ ဘာရွေးလိုက်သလဲဆိုတာ အဖြေ ထွက်မှာပဲ မဟုတ်လား။" လို့ အပြုံးနဲ့ ပြောတယ်။
ချစ်တီးကြီးဟာ သူ့စကားနဲ့သူ ပိတ်မိပြီးတော့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ မိန်းမပျိုကို ရှုံးသွားခဲ့တယ်။ ကတိအတိုင်းပဲ အကြွေးတွေကို ချေပေးလိုက်တယ်။
အမျိုးအစား>>>
ဗဟုသုတ,
သူတို့အတွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment